ထားဝယ်၊ မတ်လ ၇ ။ ။ တနင်္သာရီတိုင်းဒေသကြီးရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသအတွင်းစီးမည့် ဆိုင်ကယ်အဖြစ် ပြောင်းပစ်မည်ဖြစ်ကြောင်း ထားဝယ်မြို့၌ မတ်လ ၆ ရက်က ပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

ယင်းလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို မည်သို့သော စီမံချက်ဖြင့် သွားရမည်ဆိုသည်ကို တနင်္သာရီ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (ကညန)၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့နှင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းရေးဆွဲပြီး တင်ပြပေးရန် အထက်ပါ အစည်းအဝေး၌ ၎င်းက ဆိုသည်။

“စီမံချက်တစ်ခု အမြန်ဆုံးနည်းနဲ့ ဆွဲပြီး တင်ပေးပါ၊ ကျွန်မတို့ အားလုံး ကက်ပိနက် (တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး) မှာ ဖြတ်ပြီး လုပ်ပါမယ်”ဟု ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ပြောဆိုသည်။

အဆိုပါ လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသအတွင်း စီးနိုင်မည်လိုင်စင် ပြုလုပ်မည့်ကိစ္စအား ခေါင်းဆောင်များထံ ခွင့်တောင်းထားပြီး ရှမ်းပြည်နယ်တွင် စီမံချက်ဖြင့် ပြုလုပ်ခဲ့ပြီးဖြစ်၍ ပြုလုပ်လို့ရသည်ဟု ဆုံးဖြတ်ထားရကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးမိလျှင် ဒေသပေါက်ဈေး၏ နှစ်ဆ ဒဏ်ငွေ ပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးမိအချိန်တွင် ဒဏ်ဆောင်ရမည်ကို မလုပ်လိုကြကြောင်း၊ ယင်းအတွက်ကြောင့် စီမံချက် တစ်ခုကို အမြန်ဆုံးဆွဲပေးရန် အထက်ပါ အစည်းအဝေးတွင် ဝန်ကြီးချုပ်ကဒေါက်တာလဲ့လဲ့မော်က ဆက်လက်ပြောဆိုသည်။

ယခင် တပ်မတော်အစိုးရ လက်ထက်က လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသအတွင်း မောင်းနှင်နိုင်အောင် ထားဝယ်ခရိုင်တွင် “ထဝ”၊ မြိတ်ခရိုင်တွင် “မမ”၊ ကော့သောင်းခရိုင်တွင် “ကသ” အဖြစ် အသီးသီးသတ်မှတ်၍ ဒေသအတွင်းလိုင်စင် ပြုလုပ်ပေးခဲ့ဖူးကြောင်း ထားဝယ်ဒေသခံများက ပြောသည်။

“ထဝ” လိုင်စင်ပြုလုပ်ပြီး ထပ်မံ၍ “ယ” လိုင်စင်ပြုလုပ်ရမည်ဆိုလျှင် အခွန်နှစ်ခါ ဆောင်ရသလိုဖြစ်နေ၍ အချို့သော ဒေသခံများမှာ မနှစ်သက်ကြသော်လည်း အချို့မှာလိုင်စင်မဲ့မောင်းနှင်နေရမည့်အစား “ထဝ” လိုင်စင်လုပ်ခွင့်ရ၍ နှစ်သက်ကြကြောင်း ဒေသခံများမှ သိရသည်။

Written by- တင့်လွင်

Leave a Reply