Advertisements

မော်လမြိုင် နိုဝင်ဘာ

ပြည်နယ်နှင့်တိုင်းအားလုံးတွင် လိုင်စင်မဲ့သုံးဘီးမော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များကို မှတ်ပုံတင် (လိုင်စင်)ထုတ်ပေးနေသည်ဟု မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိဂီ ၤတိုးကပြောသည်။

လိုင်စင်များကို နိုဝင်ဘာ ၁ မှ ၂၃ ရက်နေ့အထိ အစိုးရရုံးဖွင့်ရက်များတွင် ပြုလုပ်ပေးနေပြီး မော်လမြိုင်မြို့နယ်တွင် ပြည်နယ်ကညနရုံးအနီးရှိ ယာဉ်စစ်ဆေးရေးရုံးနှင့် သထုံမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ၌ One Stop Service စနစ်ဖြင့် နာရီဝက်အတွင်း ရရှိနိုင်အောင် ပြုလုပ်ပေးနေသည်ဟု ၎င်းက ပြောသည်။

“သတ်မှတ်ထားတဲ့ စည်းကမ်းနှင့်အညီ တရားဝင်ဆောင်ရွက်ပေးခြင်းဖြင့် သယ်ယူပို့ဆောင်ရေး တိုးတက်လာစေဖု့ိရည်ရွယ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စီမံချက်အရ ၂၀၀၈ model နှင့်အထက် သုံးဘီးယာဉ်များသာ အကျုံးဝင်မည်ဖြစ်ပြီး တောတွင်းနှင့်ကမ်းစပ်များတွင်အသုံးပြုသည့် Off Road သုံးဘီးဆိုင်ကယ်ကြီးများ၊ လူစီးသုံးဘီးမော်တော်ယာဉ်များ၊ ဘေးတွဲဆိုင်ကယ်များနှင့် ဟောင်းနွမ်းချို့ယွင်းနေသည့် သုံးဘီးမော်တော်ဆိုင်ကယ်များ မပါဝင်ကြောင်း ၎င်းကဆိုသည်။

ယခုစီမံချက်သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး လိုင်စင်မဲ့သုံးဘီးယာဉ်များ ဆက်လက်စီးနင်းအသုံးပြုပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်း၍ အရေးယူခံရမည်ဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

“လိုင်စင်အနက်မရှိတာတွေလည်း ဆွဲနေတာပဲ။ ဖမ်းမှမဖမ်းတာ။ လိုင်စင်ရှိတဲ့သူတွေကနာတာပေါ့ အခွန်ဆောင်နေရတယ်” သုံးဘီးယာဉ်မောင်းသူ ဦးစိန်မင်းကပြောသည်။

မှတ်ပုံတင်ရာတွင် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ရွေးယူဒဏ်ငွေနှင့် မှတ်ပုံတင်ခများ ပေးဆောင်ရမည်။ ဥပမာအားဖြင့် ၁၆၂၀၀၀၀ ကျပ် စည်းကြပ်တန်ဖိုးရှိသော 110 CC, 2018 model ထိုင်းနိုင်ငံထုတ် သုံးဘီးဆိုင်ကယ်အတွက် စုစုပေါင်း ၆၀၂၉၀၀ ကျပ် ကျသင့်မည်ဟု ဒေါ်သိဂီ ၤတိုးကပြောသည်။

လိုင်စင်ထုတ်ပေးနေသည်မှာ ၂ ရက်ရှိပြီဖြစ်သော်လည်း မွန်ပြည်နယ်တွင် သုံးဘီးဆိုင်ကယ်အရေအတွက်နည်းသဖြင့် လာရောက်ပြုလုပ်သူ တစ်ဦးမျှမရှိသေးကြောင်း၊ နယ်လှည့်ပြုလုပ်ပေးမည့်အစီအစဉ်မရှိကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ အောက်တိုဘာလအထိ မှတ်ပုံတင်ထားသော သုံးဘီးဆိုင်ကယ် ၆၉၀၀ ခန့်ရှိသည်။

စန္ဒာဉာဏ်

Leave a Reply