မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်တွင်း ယခုနှစ်အတွင်း လိုင်စင် ရရှိထားသော်လည်း လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသည့် ကျောက်လုပ်ငန်း ရှစ် ခု ကို ပိတ်သိမ်းထားကြောင်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောဆိုသည်။

“ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရထားပေမယ့် မြေပြင်မှာ အမှန်တကယ် အလုပ်လုပ်မလို့ လုပ်ငန်း ရှစ်ခုကို ပိတ်ထားတယ်”ဟု ၎င်းက ပြောသည်။

လိုင်စင်ယူထားသော်လည်း ထုတ်လုပ်မှုမရှိသည့် ကျောက်တွင်းများကြောင့် ဒေသဖွံ့ဖြိုးရေး ထိခိုက်နိုင်ပြီး ဥပဒေနှင့်အညီ လုပ်ကိုင်ခြင်းမရှိသော ကျောက်ထုတ်လုပ်ငန်းများကို ဆက်လက် စစ်ဆေးကာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် လုပ်ငန်း လိုင်စင် ထုတ်ပေးရာတွင်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာရွက်စာတမ်းအထောက်များသာမက လုပ်ငန်များကို ပြန်လည်စိစစ်ခြင်း၊ အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ရမှသာ လိုင်စင်သက်တမ်းတိုးပေး လျက်ရှိကြောင်း ဦးစိုးမြင့်က ဆိုသည်။

ပြည်နယ်တွင် ယခုနှစ် နိုဝင်ဘာလ ၁၂ရက်ထိ ကျောက်ထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းတိုးထားသည့် လုပ်ငန်း ၇၃ခုနှင့် ထုတ်လုပ်ခွင့် လိုင်စင်အသစ် ပေးသော လုပ်ငန်း ၁ခု စုစုပေါင်း ၇၄ခုကို လုပ်ကိုင်ခွင့်ပေးထားကြောင်း ၎င်းက ပြောဆိုသည်။

“လုပ်ထုံးလုပ်နည်း၊ စည်းကမ်းတွေနဲ့ ညီတဲ့ လုပ်ငန်းတွေကို ပေးလုပ်တယ်၊ လက်ရှိမှာ ၇၄ခုထိ ပေးထားတယ်၊ ဝန်ကြီးချုပ်ကိုယ်တိုင် လမ်းခင်ကျောက်၊ ဂဝံကျောက်ထုတ်တဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မှာကြားတယ်၊ လိုအပ်နေတာတွေ ပြောတယ်”ဟု ၎င်းက ပြောသည်။

အစိုးရအဖွဲ့အနေဖြင့် ကျောက်ထုတ်လုပ်ငန်းခြင်းကို ပိတ်ပင်ထားခြင်းမရှိသော်လည်း ဒေသခံပြည်သူထံမှ တိုင်ကြားစာများ ထွက်ပေါ်လာပါက ကွင်းဆင်းစစ်ဆေးကာ ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

လုပ်ငန်းရှင်များအနေဖြင့် ပုံမှန် လိုင်စင်သက်တမ်းတိုးတင်သော်လည်း အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသောကြောင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲရှိကြောင်း ဂဝံကျောက်ထုတ်လုပ်သော လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“လုပ်ငန်းလုပ်ရတာထက် လိုင်စင်သက်တမ်းတိုးတဲ့အခါမှာ ကြန့်ကြာတာတွေရှိနေတယ်၊ သက်တမ်းတိုးတဲ့ နေရာမှာပဲ ပြန်မကျလာတော့ အလုပ်လုပ်တာ နောက်ကျတာတို့ ဖြစ်တာပေါ့၊ ပိုပြီး မြန်ဆန်အောင် လုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်” ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ကျောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်ပေါင်း ၁၁ဝဦးထိ ရှိကြောင်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။

ထိုက်ထိုက်

Leave a Reply