လုပ်ခလစာပြဿနာကြောင့် Jet Airways မှ လေယာဉ်မှူးများ ကုမ္ပဏီကို သတိပေး

နယူးဒေလီ မတ် ၂၁

အိန္ဒိယ ပုဂ္ဂလိကလေကြောင်းလိုင်း Jet Airways မှ လေယာဉ်မှူးများသည် မတ်လ ၃၁ရက်နေ့အထိ လစာ အပြည့်အဝ မရပါက သပိတ်မှောက်မည်ဖြစ်ကြောင်း ကုမ္ပဏီဘက်ကို သတိပေးခဲ့သည်။

အဆိုပါလေကြောင်းလိုင်းတွင် အလုပ်သမားများ၏ လုပ်ခလစာများ အပြည့်အဝ ရမနေသည်မှာ ကာလအတော် ကြာနေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အကြွေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိနေပြီး ဝန်ထမ်းများအတွက် လုပ်ခ လစာငွေပေးရန် လပေါင်းများစွာ ရုန်းကန်နေရကြောင်း သိရသည်။

လေကြောင်းလိုင်း ကုမ္ပဏီဘက်မှလည်း ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်းများစွာကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း ၊ အိန္ဒိယရူပီးငွေတန်ဖိုးကျဆင်းမှု နှင့် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် နိုင်ငံအတွင်းရှိ အခြား ဈေးနှုန်းနိုမ့်လေကြောင်းလိုင်း(Low-cost) များနှင့် အပြင်းအထန်ပြိုင်ဆိုင်နေရကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

လက်ရှိတွင် လေယာဉ်အစင်း ၄၀ကျော်ကို ပျံသန်းမှု ရပ်နားခဲ့ရကြောင်း သိရသည်။

“ ရှေ့ဆက်သွားဖို့ဖြေရှင်းမယ့် နည်းလမ်းအစီအစဉ် နဲ့ကုမ္ပဏီရဲ့ အနာဂတ်အခြေအနေကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း အသိပေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်တာဝန်တွေကို ရပ်နားထားဖို့ကျွန်တော်တို့ဆုံးဖြတ်ရပါလိမ့်မယ် ” ဟု အိန္ဒိယနိုင်ငံလေကြောင်းပျံသန်းမှုအဖွဲ့ဒုတိယဥက္ကဋ္ဌ လေယာဉ်မှူးကြီး Asim Valiani ကပြောသည်။

မတ် ၁၉ ရက်က လေယာဉ်အချို့ပျံသန်းမှု ရပ်နားလိုက်ပြီးနောက်တွင် အိန္ဒိယအစိုးရက အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့သည်။

၂ဝ၁၈ခုနှစ် မတ်လက တစ်ရက်လျှင် ပျံသန်းမှု ခရီးစဉ်ပေါင်း ပျမ်းမျှ ၆၅ဝ ရှိခဲ့ရာမှာ လက်ရှိတွင် Jet Airways အနေဖြင့် တစ်ရက်လျှင် လေယာဉ် ခရီးစဉ်ပျံသန်းမှုပေါင်း ၁၄ဝ သာရှိတော့ကြောင်း အိန္ဒိယမြို့ပြလေကြောင်းပျံသန်းရေး ညွှန်ကြားရေးမှူးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Bangkok Post

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.