အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုမှာ မြန်မာနိုင်ငံက ပါဝင်လာတာ ငါးနှစ်ဝန်းကျင်ရှိနေခဲ့ပါပြီ။ ကျား၊ မ တန်းတူညီမျှရေးဆိုတာတွေ ကျယ်ပြန့်လာတာနဲ့အမျှ အမျိုးသမီးရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်ထွက်လာနေခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အမျိုးသမီးတွေကို ဥပဒေဘောင်အတွင်းကနေ ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေတစ်ရပ်ထွက်ပေါ်လာဖို့ အတွက် ကြိုးစားနေကြပါပြီ။

ဒီလိုအကြောင်းအရာတွေနဲ့ဆက်စပ်ပြီးတော့ ခုလပိုင်းအတွင်း စာပေနယ်အတွင်းကနေ အစပြုခဲ့ပြီးတော့ နာမည်ကြီးလာနေတဲ့ ကိစ္စတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုတာပါပဲ။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းလို့ ဆိုတဲ့အခါ အများအားဖြင့် မုဒိန်းမှုရယ်လို့ သိထားကြမှာပါပဲ။ ဒါပေမယ့် လုပ်ငန်းခွင်ဆိုင်ရာ ထိပါးစော်ကားတာတွေဟာ အဲဒီလောက်အထိ သိသာမြင်သာတာမျိုးတွေတော့ မဟုတ်ပါဘူး။ အမျိုးသမီးတစ်ဦးရဲ့ စိတ်ကို သက်သောင့်သက်သာမဖြစ်စေတဲ့ ထိတွေပြောဆိုမှုတိုင်းကို အကြမ်းဖက်မှုလို့ သတ်မှတ်နိုင်ပါတယ်။ ဒီကိစ္စကို ဥပဒေတွေနဲ့ လှုပ်ရှားမှုတွေက ကာကွယ်ပေးနိုင်မှာလား။

အလုပ်သမားရေး ကူညီဆောင်ရွက်မှုတွေပေးနေတာ ဆယ်စုနှစ် ၂ ခုကျော်နေပြီဖြစ်တဲ ဒေါ်မျိုးမျိုးအေးက ‘ လုပ်ငန်းခွင်အတွင်းမှာ လိင်နဲ့ပတ်သက်ပြီးတော့ စိတ်ထိခိုက်အောင် ပြုမူဆက်ဆံတာတွေကို ခပ်မြန်မြန် ဖြေရှင်းနိုင်ဖို့လိုတယ် ’ လို့ ဆိုပါတယ်။

ဒီနေရာမှာ အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင်ကိုယ်က အကြမ်းဖက်ခံနေရပြီဆိုတာကို မသိခြင်းက ဖြေရှင်းနိုင်ဖို့အတွက် အခက်အခဲ အကြီးကြီးဖြစ်စေပါတယ်။ မြန်မာ့လူမှုဓလေ့ထုံးစံတွေအရ အလုပ်ရှင်နဲ့ လုပ်ငန်းခွင်က အထက်အရာရှိကို ရိုသေလေးစားသမှုနဲ့ ဆက်ဆံကြလေ့ရှိပါတယ်။ ဒီလိုဆက်ဆံကြတာနဲ့ အကြမ်းဖက်ခံရတာကို ကွဲပြားခြင်းမရှိတဲ့ အနေအထားက ရှုပ်ထွေးမှုတွေကို ဖြစ်စေပါတယ်။

လိင်အကြမ်းဖက်ခံရတယ် ဆိုတာကို ယဉ်ယဉ်ကျေးကျေး အဓိပ္ပာယ်ဖွင့်ရင် ကာယိနြေ္ဒ ထိခိုက်စေနိုင်သည့် အပြုအမူလို့ ခေါ်လို့ရပါတယ်။ ဒီအပြုအမူတွေကို ယေဘုယျ သတ်မှတ်ထားတာတွေကတော့ ကိလေသာစိတ်ဖြင့် ကြည့်ခြင်း၊ မိမိ၏ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်အား လှောင်ပြောင် မှတ်ချက်ပေးခြင်း၊ အသံအားဖြင့် စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ခြင်း၊ မိမိ၏ခွင့်ပြုချက်မရဘဲ မိမိအားတို့ထိခြင်း၊ ကိုင်တွယ်ခြင်း၊ တစုံတရာဖြင့်ထိခြင်း၊ အတင်းအဓမ္မ လိင်ဆက်ဆံရန်အတွက် ကြိုးစားဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးနည်းပညာဖြင့် မဖွယ်မရာစကားများပြောဆိုခြင်း၊ တမင်တကာကြံစည်၍ လိင်စိတ်ထကြွစေသော အပြုအမူ သို့မဟုတ် ရုပ်ပုံများပြသခြင်း၊ မြန်မာ့ယဉ်ကျေးမှုဟုဆိုကာ ကိုင်တွယ်အသားယူခြင်း စတာတွေပါ။

ဒီအပြုအမူတွေအတွက် ရာဇသတ်ကြီးပုဒ်မတွေဖြစ်တဲ့ ၃၂၃၊၃၂၄၊၃၂၅၊၃၂၆၊၅၀၆ စသည့် ပုဒ်မများနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြပေမယ့် အမှန်တကယ်လက်တွေ့မှာတော့ တရားဥပဒေစိုးမိုးမှုအလျှောက် ထိရောက်မှုမရှိသေးတာတွေ ရှိနေပါတယ်။ မျက်မြင်အားဖြင့် ဒီပုဒ်မတွေဟာ လုပ်ငန်းခွင်တွင်းက အကြမ်းဖက်ခံရမှုတွေကို လုံးဝ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။

‘ ဥပဒေတော့ရှိတယ်။ ဒါပေမယ့် ဒါကိုဘယ်လိုသုံးမလဲ။ ကျွန်မကတိုင်လိုက်ပြီဆိုတာနဲ့ အရင်ဆုံး အလုပ်ပြုတ်ဖို့က သေချာပြီလေ ’ ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် ၆ နှစ်ကြာ အလုပ်လုပ်ကိုင်လာသူ မသဇင်ထွေးက ဆိုပါတယ်။

သူအလုပ်ဝင်စက အသက် ၁၆ နှစ်ကျော်ပဲရှိပါသေးတယ်။ စူပါဗိုက်စာလို့ခေါ်တဲ့ အထက်အရာရှိက အနားကိုလာတိုင်း ပခုံးကိုဖက်ပြီး အလုပ်ကြိုးစားဖို့ပြောလေ့ရှိပါတယ်။ ၂ နှစ်လောက်နေတဲ့အခါမှာတော့ ခါးကိုဖက်ဖို့ ကြိုးစားလာပါတော့တယ်။ ဒီအခြေအနေကို ရုန်းကန်ငြင်းဆန်လိုက်တာကြောင့် မသဇင်ထွေး တစ်ယောက် ယခုအချိန်ထိ ရာထူးတိုးတဲ့အထဲ ပါဝင်ခြင်း မရှိတော့ပါဘူး။

‘ ကျွန်မကတော့ ဒီကိစ္စကြောင့်လို့ရယ်တော့ မစွပ်စွဲချင်ပါဘူး။ ဒါပေမယ့် ကျွန်မ ခဏခဏငြင်းဆန်တော့ သူ့ဘက်က ဆက်မလုပ်တော့ပေမယ့် ကျွန်မကို သိသိသာသာခွဲခြားဖိနှိပ်တာက အမှန်ပဲ ’ လို့ နက်မှောင်သန်စွမ်းတဲ့ ဆံပင်တွေနဲ့ ညိုစိမ့်စိမ့် အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ မသဇင်ထွေးက ခပ်တည်တည် မျက်နှာထားနဲ့ ပြောလာပါတယ်။
ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အလုပ်ရှင်တွေနဲ့ ကုမ္ပဏီတွေမှာ ကျား၊ မ ရေးရာ မူဝါဒတွေ၊ လိင်နှင့်တကွ အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ မူဝါဒတွေ ချမှတ်ထားသင့်တယ်လို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးကြပါတယ်။

ဒါက ဖြေရှင်းနည်းတစ်ခုဖြစ်နိုင်ပါ့မလား ဆိုတာနဲ့ပတ်သက်ပြီးတော့ သက်ငယ်မုဒိန်းမှုတွေကို အခမဲ့ အကျိုးဆောင်ကူညီပေးနေတဲ့ တရားလွှတ်တော် ရှေ့နေအမျိုးသမီးတစ်ဦးကတော့ ‘ မူဝါဒချတယ်ဆိုတာက ဘယ်လိုမျိုးလဲဆိုတာရှိတယ်။ ဒီမူဝါဒမှာ အလုပ်ရှင်ကို အာဏာအပြည့်ပေးမှာလား။ ဒါဆိုရင် အလုပ်ရှင်က ကျူးလွန်တယ်ဆိုရင် ဘယ်သူကဖြေရှင်းမှာလဲဆိုတာ ရှိလာတယ် ’ လို့ ထောက်ပြလာပါတယ်။

ဒါအပြင် လိင်အကြမ်းဖက်မှုဟာ ကိုယ်ထိလက်ရောက် ပြုမူခြင်းတွေထဲကမှ လက်ဆုပ်လက်ကိုင်ပြဖို့ရာ ခက်ခဲတဲ့ အနေအထားဖြစ်နေပြီး လုပ်ငန်းခွင်အတွင်းမှာဖြစ်တာဆိုရင် ဖြေရှင်းနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ ပိုပြီးတော့ခက်ခဲတဲ့ အနေအထားဖြစ်နေတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက်က အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေဦးဌေး က ‘ ကျွန်တော်တို့က လုပ်ငန်းခွင်တည်မြဲရေးဆိုတာ ရှိတယ်။ ဒီနိုင်ငံမှာက အလုပ်တစ်ခုရဖို့ သိပ်ခက်ခဲတာ။ ဒီတော့ ရထားတဲ့အလုပ်ကို မထိခိုက်စေဘဲ ဒါကိုဖြေရှင်းနိုင်ဖို့လိုတယ် ’ လို့ အကြံပြုပါတယ်။

လက်ရှိအချိန်မှာတော့ လုပ်ငန်းခွင်ထဲက သိသာထင်ရှားတဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး နစ်နာသူတွေရဲ့ တိုင်ကြားချက်အရ ကူညီဆောင်ရွက်ပေးရတာတွေ အမှု ၁၀၀ ဝန်းကျင်ခန့်ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက်က သိရပါတယ်။

ဥပဒေအရ ကျူးလွန်သူကိုတိုင်ကြားတဲ့အခါ တိုင်ကြားသူကို ကာကွယ်ပေးဖို့ဆိုတာကိုပါ ထည့်စဉ်းစားရတဲ့ အနေအထားပါ။ အမှန်တကယ်ဖြစ်နေတာတွေက လုပ်ငန်းခွင် အကုန်လုံးနီးပါးမှာဖြစ်နေပြီး အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို၊ စီအက်စ်အို စတဲ့အဖွဲ့အစည်းတွေမှာပါ အမျိုးသမီးတွေဟာ ဒီပြဿနာကို ရင်ဆိုင်နေရတာပါ။

ဒါကိုဖွင့်ထုတ်ဖို့အတွက်ကြိုးစားကြတဲ့ နစ်နာသူအများစုဟာ လုပ်ငန်းခွင် ဖိနှိပ်ခံရမှုတွေခံစားရပြီး လုပ်ငန်းခွင်တည်မြဲ နိုင်မှုကိုပါ ခြိမ်းခြောက်ခံရလေ့ရှိပါတယ်။

ရန်ကုန်မြို့လယ်က နာမည်ကြီး ဖုန်းဆိုင်တစ်ခုမှာ အရောင်းဝန်ထမ်းလုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးလေးက ကျွန်မဖုန်းနံပါတ်ကို တောင်းသွားတယ်။ ပြီးတော့ မက်ဆေ့ချ်တွေပို့တယ်။ ဗိုက်ဘာကနေလည်း သူ့ရဲ့အဝတ်မပါတဲ့ အောက်ပိုင်းပုံတွေပို့တယ် ’ လို့သူရဲ့ မန်နေဂျာဖြစ်သူရဲ့ လုပ်ရပ်တွေကို ဖွင့်ဟလာပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ရုံးချုပ်ကတာဝန်ရှိသူကို သုံးကြိမ်တိတိတိုင်ကြားပြီးချိန်မှာ သူရရှိလိုက်တဲ့အဖြေက ‘ အဲဒီလူက အမျိုးသမီးပါပဲ။ သူကဘာပြောလဲဆိုတော့ သူအဲဒီလိုလုပ်တာတွေမင်းမကြိုက်ရင် အလုပ်ထွက်လိုက်ပါတဲ့ ’ လို့ ဖြစ်ကြောင်း မျက်လုံးလေးပြူးရင်း ပြောလာပါတယ်။

မြန်မာ့ဓလေ့ထုံးတမ်းတွေနဲ့ လူတွေရဲ့လက်ခံယုံကြည်မှုတွေအရ ဒီလိုအစော်ကားခံရတဲ့ဖြစ်ရပ်တိုင်းမှာ အမျိုးသမီးတွေရဲ့ အနေအထိုင်မတတ်မှုတွေကြောင့် ဖြစ်တယ်လို့ အရိုးစွဲခံယူထားကြတာပါ။ ဒါကြောင့်လည်း နစ်နာသူကိုယ်တိုင်က ဖွင့်မပြောရဲတာမျိုးနဲ့ ပတ်ဝန်းကျင်က အမျိုးသမီးအပေါ် ကဲရဲ့ရှုတ်ချမှုတွေက ဒီလိုအကြမ်းဖက်မှုတွေကို အားပေးသလိုဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသမီအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေကတော့ ဒီကိစ္စရပ်တွေကို ကူညီဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ ဆွေးနွေးပွဲတွေပြုလုပ်ကြရင်း ဖြေရှင်းနိုင်ဖို့ကြိုးစားကြပေမယ့် ရလာတဲ့အဖြေက ခိုင်မာတဲ့ဥပဒေနဲ့ အဲဒီဥပဒေက အသက်ဝင်လှုပ်ရှားဖို့ လိုအပ်တယ်ဆိုတာမှာပဲ လမ်းဆုံးသွားရတာပါပဲ။

‘ ပြစ်မှုတစ်ခုကို သေသေချာချာဖြေရှင်းနိုင်ဖို့ဆိုရင် ဥပဒေက အသက်ဝင်ဖို့လိုတယ်။ ခုကကြီးတဲ့အမှုငယ်စေဆိုပြီး နစ်နာသူကို ချော့မော့လွှတ်ပြီး အမှုဖွင့်မပေးကြတာနဲ့ပဲ အပြစ်သားတွေဟာ ကင်းလွတ်ခွင့်ရနေကြတယ်။ နစ်နာသူဟာ အလုပ်သမားဖြစ်နေရင် အလုပ်ပါထွက်ရရော ’ လို့ ဒေါ်မျိုးမျိုးအေးက ဆိုပါတယ်။
ဒါတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ဒါတွေကိုဖြေရှင်းဖို့ဆိုရင် အမျိုးသမီးတွေဟာ ကိုယ့်ကို အကြမ်းဖက်နေပြီဆိုတာကို သိရမယ်။ ဒုတိယအဆင့် ဒါကိုအပြင်ကိုပြန့်နိုင်အောင် လုပ်ဆောင်ရမယ်။ ပြီးရင်ဒီလိုကိစ္စရပ်တွေကို အစိုးရက တစ်နည်းတဖုံ ဖြေရှင်းဆောင်ရွက်ပေးအောင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တွန်းအားပေးသင့်တယ်လို့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုဆိုင်ရာ ဆွေးနွေးပွဲတွေက သိရပါတယ်။

တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်ပြီး ကျား၊မ တန်းတူညီမျှရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့ ဒေါ်ညိုညိုသင်းက လက်ရှိရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမှာ အားလုံးကို ကာကွယ်ပေးနိုင်မယ့် အချက်အလက်တွေကို ထည့်သွင်း ရေးဆွဲဖို့ အကြံပြုထားပါတယ်။
ဒေါ်မျိုးမျိုးအေးကတော့ ပြင်ဆင်ဖြည့်စွက်ဖို့ လုပ်နေတဲ့ အလုပ်သမားဥပဒေမှာထည့်သွင်းရေးဆွဲပြီး စက်ရုံတွင်း အလုပ်သမားညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တွေကနေ ရှင်းလင်းပေးနိုင်မယ့် အခြေအနေဆိုရင် ပိုကောင်းမယ်လို့ ယူဆနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးဌေးရဲ့ အမြင်ကတော့ ‘ ဘယ်ဥပဒေမှာပဲ ထည့်ထည့် ၊ အဓိက ကတော့ တရားဥပဒေစိုးမိုးဖို့လိုတယ် ’ ဆိုတာပဲဖြစ်ပါတယ်။ ။

Written by မြခြူ

Leave a Reply