ဘားအံ၊ နိုဝင်ဘာ ၂၁။

ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကရင်ပြည်နယ် အတွင်း လာရောက် ရင်းနီးမြုပ်နှံ လိုပါက လုပ်ငန်း အမျိုးအစား (၇) မျိုးကို ဦးစားပေး၍ လုပ်ပိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ရင်းနီး မြှပ်နှံမှု ပြပွဲ အကြို အတွက် နိုဝင်ဘာလ (၂၀) ရက်နေ့က မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ ဖော်ပြ ထားသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က “ကရင်ပြည်နယ်မှာ စီးပွားရေး ရင်းနှီး မြုပ်နှံမယ်ဆို နှစ်အလိုက် အခွန် ကင်းလွတ် ခွင့်တွေ လုပ်ငန်း အမျိုးအစား အလိုက် (၃) နှစ်မှ (၅) နှစ်အထိ ကင်းလွတ်ခွင့်၊ သက်သာ ခွင့်တွေ ပေးထားပြီး အကျိုး အမြတ်တွေ ရရှိ ကြစေဖို့၊ ဒေသ ဖွံဖြိုး လာဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ငန်းရှင် တွေကို ဖိတ်ခေါ် နေပါတယ်”ဟု ဒေသတွင်း စီးပွားရေးဆိုင်ရာ ဆွေးနွေး ပွဲတွင်လည်း ပြောဆို ထားသည်။

ဦးစားပေး လုပ်ငန်းများ အနေဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး၊ ကုန်လှောင်ရုံ၊ စက်မှုဇုန်ထူထောင်ရေး၊ ပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အဦး၊ စက်မှု ကုန်ထုတ် လုပ်ငန်း၊ စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် ပတ်သက်ပြီး တင်ပြ လာပါက ဦးစား ပေး၍ စိစစ်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ထုတ်ပြန် ထားပါသည်။

“ပြည်နယ်အတွင်း မှာ က အဓိကကတော့ လျှပ်စစ်မီးဘဲ လေ၊ သူမရှိတော့ ဘာလုပ်ငန်းရှင်မှ မလုပ်နိုင် ကြဘူး ဖြစ်နေတယ်။ နိုင်ငံခြား ကကော ပြည်တွင်း ကကော ကရင်ကို လာလေ့လာ ကြတယ်၊ လျှပ်စစ် မရှိတော့ ရင်းနီးမြုပ်နှံ ချင်သူတွေ ဘာမှ မတတ်နိုင် သလို ဒေသခံတွေ အတွက်လည်း မဖွံဖြိုး နိုင်ဘူး ဖြစ်နေတယ်”ဟု ကရင်ပြည်နယ် အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင် စောအောင်သိန်းက ၎င်း၏ အမည်ကို ပြောဆိုသည်။

ကရင်ပြည်နယ်တွင် ပထမဆုံး အကြိမ် အဖြစ်လည်း လာမည့် နိုဝင်ဘာ (၂၄) ရက် နေ့တွင် သီရိဘားအံ ဟိုတယ်၌ ရင်းနှီး မြှုပ်နှံမှု ပြပွဲကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA-Japan) နှင့် မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက် ကြရန် ရှိပြီး ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင် ၃၀၀ ခန့် လာရောက် လေ့လာ မည်ဟု ခန့်မှန်း ထားသည်။

ရင်းနီး မြှုပ်နှံမှု ဆိုင်ရာ ပြပွဲကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်၊ တောင်ကြီး မြို့၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာ လုပ်ငန်းရှင် ၂၀၀ ခန့် လာရောက် လေ့လာ ခဲ့ကြသည်။

Written by – ရာဟု (ဖားအံ)

Leave a Reply