မော်လမြိုင်၊ မတ် ၂၂ ။ ။ မြေယာအလွဲသုံးစားမှုကဲ့သို့သော ပြဿနာရပ်များတွင် မိမိ၏လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ ဆောင်ရွက်မှုများ ရှိသည့်အတွက် သထုံခရိုင်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးကို တရားစွဲဆို အရေးယူမှုများ ဆောင်ရွက်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောဆိုလိုက်သည်။

မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် သထုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်သည့်မေးခွန်းနှင့်စပ်လျဉ်းပြီး ၎င်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အရေးယူခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးတွင် နှစ်ဦးမှာ ပေါင်မြို့နယ်မှဖြစ်ပြီး ကျန်နှစ်ဦးမှာ ကျိုက်ထိုမြို့နယ်က အုပ်ချုပ်ရေးမှူးများဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိမိရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့မှ မြေယာပြဿနာများ ဖြစ်ပေါ်လာခဲ့တဲ့အတွက် တာဝန်မှ ရပ်စဲခြင်း အပါအဝင် တရားစွဲဆိုအရေးယူမှုများကို ပြုလုပ်ခဲ့ပါတယ်”ဟု ဗိုလ်မှူးကြီးဝင်းနိုင်ဦးက လွှတ်တော်တွင် ဖြေဆိုသွားခဲ့သည်။

ထို့ပြင် လက်ရှိ တိုင်ကြားမှုများအရ စိစစ်အရေးယူရန် ဆောင်ရွက်နေသည့် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများလည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျေးရွာပိုင်မြေ၊ စာကျက်မြေ၊ မြေလွတ်မြေလတ်နှင့် အစိုးရကစီမံပိုင်ခွင့်ရှိသည့် မြေနှင့် စပ်လျဉ်းပြီး လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ဆောင်ရွက်ခြင်း မပြုရန် သင်တန်းများ ပို့ချခြင်း၊ အသိပညာပေးခြင်းတို့ကို ပြုလုပ်နေကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆိုသည်။

ထို့ပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံးကို မြေလွတ်၊ မြေရိုင်းတွေကို မိမိရဲ့ တာဝန်ဝတ္တရားကို ကျော်လွန်ပြီး လုပ်ဆောင်ခွင့် မရှိကြောင်း၊ ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခံရမည်ကို သိရှိပါကြောင်း ကိုလည်း ဖေဖော်ဝါရီလပိုင်းအတွင်းက တစ်ဦးချင်းစီ လက်မှတ်ရေးထိုးစေကာ ထိန်းကျောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“အခြေခံအကျဆုံး အုပ်ချုပ်ရေးအုတ်မြစ်နေရာကို တာဝန်ယူထားရတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဥပဒေတွေကို လေးစားလိုက်နာမှုမရှိဘဲ ကျူးလွန်ဖောက်ဖျက်နေမယ်ဆိုရင် ပြောင်းလဲလာတဲ့အစိုးရရဲ့ ပုံရိပ်ကို များစွာထိခိုက်စေပါတယ်”ဟု မေးခွန်းမေးမြန်းသူဖြစ်သည့် ဦးအောင်ကျော်သူကလည်း လွှတ်တော်တွင် ပြောဆိုသွားခဲ့သည်။

လက်ရှိတွင် တိုင်ကြားခံထားရသည့် မော်လမြိုင်မြို့နယ် လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း စိစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက လွှတ်တော်တွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။

Written by – ဖိုးဝ

Leave a Reply