လုံခြုံရေး ပူပန်ပေး

မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် ညှိနှိုင်းရေးမှူး မင်းအောင်ထူး

“ကျွန်တော်တို့မှာ တစ်ညအတွင်း ဆိုင်ကယ် ၄ စီးပျောက်တယ်။ ပျောက်တော့ သက်ဆိုင်တဲ့ရဲစခန်းမှာ အမှုဖွင့်တယ်။ သက်ဆိုင်ရာတာဝန်ရှိသူရဲတွေကလည်း လာရောက်ကြည့်တယ်။ အခုနောက်ပိုင်းမှာလည်း သတင်းအစအနပျောက်သွားတဲ့ဟာမျိုး ရှိတယ်။ တစ်ဖက်မှာလည်းပဲ ဖမ်းမိတာတွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ ခြုံပြီးပြောရမယ်ဆိုရင် အဲဒီလိုမျိုးစုံစမ်းဖော်ထုတ်မှု လုပ်တဲ့နေရာမှာ အားနည်းတယ်လို့ယူဆတယ်”ဟု မင်းအောင်ထူးက ပြောကြားသည်။

“ဆက်စပ်တွေးပြီးပြောရမယ်ဆိုရင် လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုများလာတယ်။လူတွေရဲ့ အသက်မွေးဝမ်းကျောင်း လုံလောက်တဲ့ဝင်ငွေတွေ မရတဲ့အခါကျတော့ ကြံမိကြံရာ ကြံရတဲ့အနေအထား မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်”ဟု ၎င်းက ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ပြည်သူများအတွက် ကြိုတင်ကာကွယ်ပေးသည့်အပိုင်းကို လုပ် ဆောင်ခြင်း မတွေ့ရကြောင်းနှင့် မြို့ပေါ်နှင့် ကျေးလက်များတွင်လည်း ဆိုင်ကယ်မကြာခဏ အခိုးခံရ သည့်ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သေချာကြိုတင်ပြင်ဆင်ကာကွယ်ပေးခြင်း မရှိကြောင်း မင်းအောင်ထူးက ထောက်ပြပြောဆိုသည်။

ဆိုင်ကယ်မရှိလျှင် မဖြစ်သောဒေသ၌ ဆိုင်ကယ်အခိုးခံရခြင်းမှာ ခြေထောက်ရိုက်ချိုးခံရခြင်းဖြစ်သည်။ သက်ဆိုင်ရာနယ်မြေရဲစခန်းများသို့ တိုင်ကြားပါသော်လည်း မိမိပစ္စည်းပြန်ရ မရဆိုသည်မှာ ကံစီမံရာဟုသာ မှတ်ရမည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ အားကိုးရာရှာမရသည့် အနေအထားဖြစ်သည်။

“ဒီလိုမျိုးတွေဖြစ်နေတဲ့အခါကျတော့ ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် လုံခြုံမှုမရှိဘူးဆိုတဲ့ အနေ အထား မျိုးကို ခံစားလာရတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီမကြာခင်ရက်ပိုင်းမှာပဲ ဆိုင်ကယ်ပျောက် ဖူးတယ်။ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းကိစ္စ ကိုယ့်ရဲ့ အလုပ်ကိစ္စတွေ အေးအေးဆေးဆေးမလုပ်ရပဲနဲ့ ဆိုင်ကယ်ပျောက်တဲ့ဘက်ကိုပဲ စိတ်ပူနေရတယ်”ဟု ၎င်းက လုံခြုံမှုမရှိခြင်းကြောင့် ပူပန်နေရသော ပြည်သူများ၏ ကိုယ်စားပြောကြားသည်။

တရားဥပဒေစိုးမိုးမှုအပိုင်းကိုပြောရမည်ဆိုပါက တချို့ကိစ္စသည် ဥပဒေလက်တစ်လုံးခြားစနစ်ဖြင့် အောက်ခြေတွင် လုပ်ဆောင်နေမှု များစွာရှိနေကြောင်း ထို့ကြောင်း ယင်းကိစ္စရပ်များကိုလည်း သေသေချာချာကိုင်တွယ်ရန် လိုအပ်ကြောင်း မင်းအောင်ထူးက သတိပေးသည်။

“အကိုင်းအဖျားကိုပဲ လုပ်နေလို့တော့မရဘူး။ သူ့ရဲ့အရင်းအမြစ်ကိုလည်း ဖော်ထုတ်ရမယ်။ အခုက ကိုယ်ကအိမ်အပြင်ထွက်ရင် ကိုယ့်အိမ်က ဘာတွေဖြစ်နေမလဲ။ ဘာတွေပျောက်သွားမလဲဆိုတာ စိုးရိမ်ကြောက်ကြမှုတွေ ရှိနေကြတော့ ဒါက ပြည်သူတွေရဲ့ လုံခြုံမှုမရှိဘူး”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် တရားဥပဒေစိုးမိုးမှုအပိုင်းတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် တရားရေးဥပဒေကို စောင့်ရှောက်သူများတွင် တာဝန်ရှိကြောင်း သက်ဆိုင်ရာပြည်သူ့ကိုယ်စားလှယ်များကလည်း ပြည်သူများ၏ အခက်အခဲများကို ရှေးရှုပြီး လိုအပ်နေသည့် ဥပဒေများ အတည်ပြုနိုင်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း မင်းအောင်ထူးက ဆိုသည်။

Written by – ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်