Advertisements

မော်လမြိုင် သြဂုတ် 

မြန်မာနိုင်ငံ၏ လူကုန်ကူးမှု ဖြစ်စဉ်များကို လေ့လာရာတွင် ပုံစံ ၅ မျိုးဖြင့် တွေ့နေရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက သုံးသပ်ပြောဆိုသည်။

လူကုန်ကူးခံရမှု ဖြစ်စဉ်ပုံစံများမှာ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်း ဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်းတို့ဖြစ်ကြောင်း ၎င်းကပြောသည်။

မွန်ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဒုတိယအကြိမ်လုပ်ငန်းညှိနိူင်းအစည်းအဝေးကို သြဂုတ် ၂၀ ရက်က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက ယင်းသို့ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာတွင် ၂၀၁၇ ခုမှ ယခုနှစ် ဇူလိုင် ၂၉ ရက်နေ့ထိ ဖော်ထုတ်အရေးယူနိုင်ခဲ့သည်မှာ လူကုန်ကူးမှုပေါင်း (၃၄၄) မှုရှိခဲ့ကြောင်း လူကုန်ကူးခံရသူပေါင်း (၅၅၀) ဦး၊ လူကုန်ကူးသူ တရားခံ စုစုပေါင်း (၉၇၀) ဦး ဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။ ယင်းအနက် အမှု ၂၉၀ ကို တရားစွဲတင်ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

အဓိက ဦးတည်၍ လူကုန်ကူးမှု ဖြစ်ပွားသည်မှာ တရုပ်နှင့် ထိုင်းနိုင်ငံများသို့ဖြစ်ကြောင်း ၊ တရုတ်သို့ ၁၀၄ မှု၊ ထိုင်းသို့ ၂ မှုတွေ့ရှိခဲ့ပြီး ပြည်တွင်းလူကုန်ကူးမှုမှာ ၂၄ မှုရှိကြောင်း မှတ်တမ်းများက ပြဆိုသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅) နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁) ကို ရေးဆွဲပြီး ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲဖော်ဆောင်ခဲ့ကြောင်း၊ ယခု၂၀၁၈ခုနှစ် လုပ်ငန်းစီမံချက်တွင် တည်ဆဲလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ခေတ်နှင့်အညီဖြစ်အောင် ပြင်ဆင်ရေးဆွဲရန်၊ လူကုန်ကူးခံရသူများအား တိုက်ရိုက်အကူအညီပေးခြင်းနှင့် လွဲှပြောင်းညွှန်းပို့ခြင်းဆိုင်ရာ နိုင်ငံအဆင့် ယန္တရားတစ်ရပ်ရေးဆွဲရန်စသည့်ကဏ္ဍများ ပါဝင်သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်၊ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၉)လူကုန်ကူးတားစီးနှိမ်နှင်းရေးအဖွဲ့စုမှ တပ်ဖွဲ့စုမှူးရဲမှူးမိုးဦးနှင့် အရပ်ဘက် ကော်မတီဝင်အဖွဲ့ဝင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Written by ခေတ်မင်း

Leave a Reply