မော်လမြိုင်၊ သြဂုတ်

အစိုးရအနေဖြင့် လူငယ်တို့၏ အရေးပါသော ကဏ္ဍများကို ချန်လှန်မထားဘဲ အဖက်ဖက်က မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးရန် ကြိုးပမ်းအားထုတ်နေကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောဆိုသည်။

သြဂုတ်လ ၁၅ ရက်နေ့က မော်လမြိုင်မြို့ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင်ဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အစိုးရအနေနဲ့ လူငယ်တွေရဲ့ အရေးပါတဲ့ကဏ္ဍကို ချန်လှပ်မထားပဲ အဖက်ဖက်က ပြုစုပျိုးထောင်ပေးသွားဖို့ အစဉ်ကြိုးပမ်းလျက်ရှိသလို လူငယ်များကလည်း ကြိုးစားအားထုတ်ကြပါ”ဟု ၎င်းက ဆိုသည်။

ထိုအတွက်လည်း ၂၀၁၇ နိုဝင်ဘာလမှာ မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒကို အတည်ပြု ပြဌာန်းနိုင်ခဲ့ပြီး၊ ပြည်နယ်တွင်လည်း ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပွဲကို လုပ်ဆောင်ထားပြီဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံတော်ငြိမ်းချမ်းဖွံ့ဖြိုးဖို့အတွက် အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန် ထက်မြက်ပြီး ကြုံတွေ့လာမည့် အခက်အခဲများကို ကျော်လွှားနိုင်ဖို့လိုအပ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ယခုနှစ် ဆောင်ပုဒ်ဖြစ်သော “safe space for Youth” လူငယ်များအတွက် လွတ်လပ်လုံခြုံသည့် လူမှုအသိုက်အဝန်းဟူသော ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

လူငယ်များနေ့အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင် နိုင်ငံတကာအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များ၊ လူငယ်များ၊ ကျောင်းသား/သူများ စုစုပေါင်း ၃၅၀ နီးပါးတက်ရောက်ခဲ့ကြသည်။

သက်ပိုင်

Leave a Reply