ကရင်ပြည်နယ်ရှိမြန်မာ့နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့နှင့် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သော မဲဆောက်တို့ကိုပေါင်းကူးပေးထားသည့်မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားပေါ်တွင် မိန်းကလေးများ အပါအဝင် လူငယ် အများစုပါဝင်သည့် လူဦးရေ ၂၀ဝ ခန့် တူညီဝတ်စုံများဝတ်ကာ ထိုင်းနိုင်ငံဘက်သို့ စီတန်းလမ်းလျှောက် နေကြသည်။ အထုပ်အပိုးကိုယ်စီနှင့် မြန်မာပတ်စ်ပို့ အနီရောင် ကိုင်ဆောင်ထားသည့် ၄င်းတို့သည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်သွားလုပ်ရန် သွားရောက်ကြသူများဖြစ်သည်။ အများစုမှာကရင်နှင့် မွန် ပြည်နယ်အတွင်းရှိကျေးလက်ဒေသများတွင် နေထိုင်သည့် လူငယ်များဖြစ်သည်။

img148-copy

‘‘အလုပ်သွားလုပ်တာ ၈ နှစ် ကျော်ပြီ၊ဒီတစ်ခေါက်ကျမှပတ်စ်ပို့ လာပြန်လုပ်တာ။ အခုဒီထဲကကျနော်နဲ့ စက်ရုံအတူတူလုပ်တာ ၃၀ ကျော်လောက်ပဲပါတယ်။ သူတို့လည်းကျနော့်လိုပဲပတ်စ်ပို့လာပြန်လုပ်ပြီးဘန်ကောက် ပြန်သွားမှာ’’ ဟုပေါင်မြို့နယ်နေအသက် ၂၇ နှစ် အရွယ် ကိုအောင်ထွန်းကပြောသည်။

လူဦးရေ၂၀ဝ ခန့်ရှိသောယင်းလူအုပ်သည် ထိုင်းနိုင်ငံအတွင်းလုပ်ငန်းခွင်တစ်ခုတည်းတွင် အတူတကွ လုပ်ကိုင်ရမည်မဟုတ်ဘဲအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုကစီစဉ်သည့်အတိုင်းစက်ရုံ၊ အလုပ်ရုံအမျိုးမျိုးတွင် သွားရောက်လုပ်ကိုင်ရန် ထိုင်းနယ်စပ်ဂိတ် လ.ဝ.က တွင် စီတန်းနေကြခြင်းဖြစ်သည်။

ယခင်က မြန်မာအလုပ်သမားအများစုသည် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပတ်စ်ပို့ စာအုပ်မရှိဘဲပန်းရောင်စာအုပ်ဖြင့်သာနေထိုင်လုပ်ကိုင်နေကြရာမှ ပြီးခဲ့သည့် သြဂုတ်လအတွင်းကအဖမ်းအဆီးများကြောင့် ပတ်စ်ပို့ ပြန်လာလုပ်သူများ မြင့်တက်လာခြင်း ဖြစ်သည်ဟုထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများကဆိုသည်။

နှစ်ကာလကြာရှည်စွာ မြန်မာလူငယ် အများစုထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် လူလိုင်းကြီးကဲ့သို့ ပြောင်းရွှေ့ထွက်ခွာနေသော်လည်းအာဏာရ NLD အစိုးရအနေဖြင့်မူလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရနှင့် လွှတ်တော်ကဦးဆောင်၍ တစ်စုံတစ်ရာလုပ်ဆောင်မှု အားနည်းနေသေးကြောင်းမွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ လူငယ်အချို့နှင့်ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကတွေ့ဆုံမေးမြန်းချက်များအရသိရသည်။

ယခုနှစ် စက်တင်ဘာလဆန်းပိုင်းကဘီဘီစီသတင်းဌာန၏ လင်းလက်ကြယ်စင် အစီအစဉ်က ‘ကရင်ပြည်နယ်လူငယ်တွေအတွက် အလုပ်အကိုင်တွေ ဘယ်လိုဖန်တီးပေးကြမလဲ’ ခေါင်းစဉ်ဖြင့်အစိုးရနှင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။ ယင်းနောက်ပိုင်းတွင် အဆိုပါ အလုပ်အကိုင်၊ စီးပွားရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များ၊ အစီအမံများ၊ လုပ်ဆောင်ချက်များတစ်စုံတစ်ရာထွက်ရှိလာသည် ကိုမတွေ့ရပေ။

လုပ်အားနှင့် ကုန်စည် ဖလှယ်ရာ မြဝတီ နယ်စပ်ဂိတ်

မြဝတီနယ်စပ်တွင် တရားဝင် ဖြတ်သန်းသွားလာနေသောချစ်ကြည်ရေးတံတားဂိတ် (၁)ခုအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဂိတ်စုစုပေါင်း၂၀ကျော်မှတစ်ဆင့် ထိုင်းနိုင်ငံထုတ် လူသုံးကုန်စည်များကလည်း မြန်မာနိုင်ငံအတွင်းသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်နေသည်။ထို့အတူ မြန်မာနိုင်ငံသားလူငယ်များကလည်းလုပ်ခဝင်ငွေ ပိုမိုကောင်းပြီးအခြေခံအဆောက်အဦပြည့်စုံသည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တရားဝင်နည်းလမ်း၊ တရားမဝင် နည်းလမ်းတို့ဖြင့် အပြေးအလွှားသွားနေကြသည်။

ကရင်ပြည်နယ်မှလူဦးရေ ၃သိန်း ၁သောင်း ခန့် (ကေအန်ယူထိန်းချုပ်နယ်မြေများမပါ)၊မွန်ပြည်နယ်မှ လူဦးရေ ၄ သိန်းနီးပါးနှင့် တနင်္သာရီတိုင်းမှ လူဦးရေ၁သိန်း ၉ သောင်းခန့်တို့သည် ထိုင်းနိုင်ငံသို့ သွားရောက်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြကြောင်း တရားဝင် စာရင်းဇယားများအရသိရသည်။ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးဒေသ ၃ ခုပေါင်းလျှင် လူဦးရေတစ်သန်းနီးပါးထိုင်းနိုင်ငံတွင် ရှိနေသည်။ အဆိုပါ ကိန်းဂဏန်းများသည် ၂၀၁၄ သန်းခေါင်စာရင်းအရ ဖြစ်သော်လည်းမိသားစုလိုက် ပြောင်းရွှေ့သွားသူများကိုသန်းခေါင်စာရင်းတွင် ထည့်သွင်းတွက်ချက်နိုင်ခဲ့မည် မဟုတ်ပေ။

‘‘ကျနော်တို့ဆီမှာဆိုရင် ကလေးတွေ စာမကျက်ရင် စာလုပ်အောင် ခြောက်လှန့်တဲ့ စကားတစ်ခွန်းတောင်ရှိတယ်။ မင်းစာမေးပွဲကျရင် ဟိုဘက်ကမ်းပို့လိုက်မှာနော်ဆိုပြီးလူကြီးတွေကပြောကြတယ်။ စာမေးပွဲကျတဲ့ ၇ တန်း၊ ၈ တန်းကလေးတွေဆိုရင် တကယ်လည်းအပို့ခံရတာပဲ’’ဟု မြဝတီမြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးဖြစ်သူကိုစည်သူကဆိုသည်။

မွန်၊ ကရင်နှင့် တနင်္သာရီမှ လူငယ်များသည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အပြင် အခြား နိုင်ငံများသို့ လည်းရန်ကုန်မှတစ်ဆင့် သွားလာနေကြကြောင်းနိုင်ငံခြားအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီကိုယ်စားလှယ်များထံမှ သိရသည်။ ဂျပန်နှင့် ကိုးရီးယားနိုင်ငံများသည် ယင်းပြည်နယ်မှ လူငယ်များကြားရေပန်းစားနေသော နိုင်ငံဖြစ်လာကြောင်းရန်ကုန်မြို့တော်တွင် ကိုးရီးယားဘာသာစကားသင်တန်းတက်ရောက် နေသည့် မွန်ပြည်နယ်၊မုဒုံမြို့နယ်မှ လူငယ်တစ်ဦးဖြစ်သူကိုဖြိုးနိုင်လင်းကပြောသည်။ အထူးသဖြင့် ကျေးလက်နေလူငယ်အများစုသည် ထိုင်းနိုင်ငံသို့ ဦးတည်လျက်ရှိပြီး၊ မြို့နေလူငယ်များသည် စင်ကာပူ၊ ဂျပန်နှင့် ကိုးရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ကြိုးစားပြင်ဆင်နေကြောင်းမျိုးဆက်သစ် သုတေသနအဖွဲ့မှ ပြုလုပ်သည့် သုတေသန၏ ကနဦးအဖြစ် လူငယ်များနှင့် တွေ့ဆုံမေးမြန်းမှုများအရသိရသည်။

‘‘အစ်ကိုတွေ အကုန်လုံးအဆင်ပြေနေတာကြည့်ပြီးသူတို့လိုပဲ ဖြစ်ချင်တယ်။မွန်ပြည်နယ်ကသူငယ်ချင်းတွေကတော့ ကိုးရီးယားကိုစိတ်တော့ဝင်စားတယ်။ဒါပေမယ့် အရင်းအနှီးများတယ်ဆိုတော့ မတတ်နိုင်ကြတာမျိုးတွေကြောင့် မစဉ်းစားတာတွေလည်းရှိတယ်။ ကျနော်ကတော့ ကိုးရီးယား ဘာသာစကားနဲ့စာကိုဒီမှာထဲကပိုင်နိုင်အောင်လုပ်နိုင်မယ်ဆိုရင် ဟိုမှာအဆင်ပြေမယ်ထင်ပါတယ်’’ဟုရန်ကုန်မြို့၊ ကျောက်မြောင်းရပ်ကွက်တွင် ခေတ္တနေထိုင်နေသူအသက် ၁၈ နှစ်အရွယ် ကိုဖြိုးနိုင်လင်းကဆိုသည်။

မွန်၊ ကရင်၊တနင်္သာရီမှ လူငယ်များသည် နိုင်ငံရပ်ခြားသို့ သွားနေသည်သာမဟုတ်ဘဲ ၄င်းတို့၏ အနာဂတ် အတွက် ရန်ကုန်မြို့တော်သို့ လာရောက်နေကြရသည့် လူငယ်များလည်းအများအပြားရှိနေသည်။

‘‘ကျနော်တို့ ထားဝယ်မြို့ပေါ်ကသူငယ်ချင်းတချို့ဆိုရင် ကျောင်းပြီးသွားတယ်ဆိုရင် ရန်ကုန်သွားတယ်။အလုပ်တစ်ခုလောက် ဝင်လုပ်ပြီးသင်တန်းတွေပြန်တက်တယ်။ ကျနော်ကိုယ်တိုင်လည်း နိုင်ငံတကာကအသိအမှတ်ပြုတဲ့ အင်္ဂလိပ်စာဆရာဖြစ်သင်တန်းရန်ကုန်သွားတက်ရမှာပါ’’ဟု ထားဝယ်မြို့ရှိလူငယ်အဖွဲ့တစ်ခုဖြစ်သော ဝင်းဒိုးကလပ်မှ ကိုဝေယံထွန်း ကဆိုသည်။

‘‘ကျနော်တို့ ထားဝယ်မှာက လူငယ်တွေ အနာဂတ် ပျောက်နေတယ်လို့ ခံစားရတယ်။ ကျနော်ကိုယ်တိုင်လည်းဒီမှာနေနေရင်းနဲ့ တစ်ခါတစ်လေကျရင် အနာဂတ် ပျောက်နေသလိုခံစားရတယ်။ကျောင်းပြီးသွားရင်လည်းကျနော်ဘာလုပ်ရမလဲမစဉ်းစားမိသေးဘူး’’ ဟုထားဝယ် နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုဇင်မောင်ဖြိုးကဆိုသည်။

ယင်းကဲ့သို့ နိုင်ငံရပ်ခြားသို့ လူငယ်အများအပြားနေ့စဉ်သွားနေသော်လည်းမိမိရပ်ရွာကိုမစွန့်ခွာလိုသည့် လူငယ်များလည်းရှိနေသေးသည်။ မွန်၊ ကရင်၊ တနင်္သာရီမှ လူငယ်အချို့၏ အဆိုအရ နိုင်ငံရပ်ခြားနှင့် ရန်ကုန်မြို့တို့ တွင်အလုပ်သွားလုပ်သော ၄င်းတို့၏ သူငယ်ချင်းများသည် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလတွင် ပြန်လည်ဆုံတွေ့ကြကြောင်းသိရသည်။

အနည်းဆုံးဖန်တီးပေးရမယ့် အလုပ်အကိုင်

၂၀၁၄ သန်းခေါင်စာရင်းကိန်းဂဏန်းများအရမွန်၊ ကရင်၊ တနင်္သာရီမှ အလုပ်အကိုင် ရှာဖွေမရခြင်း၊ အလုပ်လက်မဲ့နှင့် ပညာရေးစသည့် အကြောင်းအမျိုးမျိုးကြောင့် လုပ်သားအင်အားစုထဲတွင် မပါဝင်သူ အသက်၃၀နှစ်နှင့်အသက်၁၅နှစ်ကြားလူငယ် နှစ်သိန်းသုံးသောင်းကျော်ရှိနေသည်။ ယင်းအနက် ၂၂၀ဝ ကျော်သည် နာတာရှည် နာမကျန်းသူနှင့် မသန်စွမ်းလူငယ်များ ဖြစ်ကြသည်။

ကရင်ပြည်နယ်တွင် လူငယ် လုပ်သားအင်အားစုထဲတွင် မပါဝင်သူ အသက် ၃၀ အောက်နှင့် ၁၅နှစ်ကြားလူငယ်ဦးရေတစ်သိန်း ၇ သောင်းကျော်ရှိနေသည်။ယင်းအနက် ၁၅၀ဝ ကျော်သည် နာတာရှည် နာမကျန်းလူငယ် နှင့် မသန်စွမ်းသူလူငယ် များ ဖြစ်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်သားအင်အားစုထဲတွင် မပါဝင်သူ အသက်၃၀အောက်နှင့်၁၅နှစ်ကြားလူငယ်ဦးရေတစ်သိန်း၅သောင်းကျော်ရှိနေသည်။ ယင်းအနက် ၁၅၀ဝကျော် သည် နာတာရှည် နာမကျန်းလူငယ်နှင့် မသန်စွမ်းလူငယ်များ ဖြစ်ကြသည်။

လုပ်သားအင်အားစုအတွင်း မပါဝင်သူ ဆိုသူများမှာတရားဝင်ဖော်ပြထားချက်များအရအလုပ်မရှာနိုင်ခြင်း၊ အိမ်မှုကိစ္စ လုပ်ဆောင်နေရခြင်းနှင့် နာမကျန်းဖြစ်သူ၊ မသန်စွမ်းများ ဖြစ်ကြသည်။ ထို့အပြင် အချိန်ပြည့် ကျောင်းတက်နေခြင်းနှင့် အခြားအကြောင်းအရင်းများစွာလည်းရှိနေသည်ဟုသန်းခေါင်စာရင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဒေသများရှိလုပ်သားအင်အားစုတွင် ပါဝင်သူများမှာလည်း ကျေးလက်တွင် လက်ရှိတစ်နေ့ ဝင်ငွေ၅ထောင်ရရှိနေသော်လည်း အလုပ်သည်ပုံမှန်မရှိကြောင်း ကျေးလက်တွင်မိန်းကလေးများသည် ယောင်္ကျားလေးများထက်ပို၍ ဝင်ငွေ နည်းကြပြီးအချို့မှာကျပန်းအလုပ်မှ တစ်ရက်ဝင်ငွေ ၂ ထောင် မှ ၃ ထောင်သာရကြောင်းဒေသခံများကဆိုသည်။ မြို့ပြတွင်မူနေ့စားလူငယ်လုပ်သားတစ်ဦးသည် တစ်ရက်လျှင် ၅၀ဝ၀ မှ ၇၀ဝ၀ ကျပ်ခန့် လုပ်အားခရကြပြီးနယ်စပ်မြို့ဖြစ်သောမြဝတီမြို့တွင်မူတစ်ရက် ပျှမ်းမျှ ငွေကျပ်တစ်သောင်း ဝင်ငွေရှိသည်ဟု သိရသည်။

‘ထိုင်းနိုင်ငံကလိုမျိုးတစ်ရက် ဘတ် ၃၀ဝ (မြန်မာငွေ တစ်သောင်း) မရလည်းနေပါစေ၊ ကျနော်တို့ လိုချင်တာကိုယ့်ဒေသကိုယ့်ရပ်ရွာမှာ ပုံမှန်အလုပ်ရှိဖို့၊ လစာနဲ့ အလုပ်ရှိဖို့ပါပဲ’ ဟုပေါင်မြို့နယ် ကျုံကကျေးရွာမှ လူငယ်တစ်ဦးဖြစ်သူကိုတေဇကဆိုသည်။

သို့ဖြစ်ရာကြုံရာကျပန်းအလုပ်အကိုင်များလုပ်ကိုင်နေရသည့် လူငယ်များအတွက် ပုံမှန်ဝင်ငွေ ရနိုင်သည့် အလုပ်အကိုင်များဖော်ဆောင်ပေးရန် ဒေသဆိုင်ရာအစိုးရများက တာဝန်ယူရန် လိုအပ်နေပြီဖြစ်သည်။

Leave a Reply