Advertisements

ဂီတဆိုသည်မှာ လှပဆန်းကြယ်သော အရာတစ်ခု ဖြစ်သည်။ တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်လိုက်မှ ဂီတဖြစ်ပေါ်လာသည် မဟုတ်ပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားနေရသော အသံများသည် ဂီတပင် ဖြစ်သည်။ သစ်ရွက်ကြွေသံ၊ လေတိုးသံ၊ စမ်းရေစီးသံ၊ ခန်းဆီးစလေးများ တဖျပ်ဖျပ်လွန့်လူးသံ၊ ဆည်းလည်းလေးများ ပွတ်တိုက်သံ၊ တစ်စုံတစ်ခုကို တီးတိုးရေရွတ်သံ၊ တစ်ယောက်ယောက်ကို တစ်ခုခု လှမ်းပြောလိုက်သံ … ၊ ထိုအသံအားလုံးသည် ဂီတပင် မဟုတ်ပါလား။

ဂီတသည် ဘယ်တော့မှ ဟောင်းနွမ်းသွားခြင်း မရှိနိုင်။ ဂီတပုံစံအသစ်အဆန်းများသည် ခေတ်အလိုက် ပြောင်းလဲမှုရှိနိုင်သည်။ သို့သော် ရှိခဲ့ဖူးသော ဂီတပုံစံများ၏ ဂုဏ်ဒြပ်သည် ပျက်ပြယ်သွားလိမ့်မည်မဟုတ်ပါ။ ဂီတသည် ရပ်တန့်သွားခြင်းမရှိ။ စဉ်ဆက်မပြတ် အသစ်၊ အသစ်များ ပေါ်ထွန်းကာ ရှင်သန် နေလေ့ရှိသည်။ ဂီတသည် မြစ်တစ်စင်းလို စီးဆင်းနေပါသည်။ ဂီတပုံစံအသစ်များ ဖူးပွင့်နေသလို ဂီတပုံစံ အဟောင်းများလည်း ပြန်လည်ဖူးပွင့်လာပါသည်။ ရှင်သန်နေသော ဂီတကို ပိုကောင်းမွန်သော အနေအထားဖြင့် ဖွံ့ဖြိုးဝေစည်လာအောင် အနုပညာရှင်၊ အတတ်ပညာရှင်များက ကြိုးစားနေကြပါသည်။ လက်ရှိ အချိန်မှာ ကြိုးစားအားထုတ်နေမှုများသည် တစ်ချိန်မှာ သမိုင်းဖြစ်သွားပါလိမ့်မည်။ ဂီတသမိုင်းကို ရေးကြသူများသည် ဂီတကို ဖန်တီးနေကြသူများသာ ဖြစ်ပါသည်။

ဂီတကို ဖန်တီးရန်အတွက် အသက်အရွယ် ကန့်သတ်ချက် မရှိပါ။ ဂီတကို ချစ်မြတ်နိုး ဝါသနာပါသော မည်သူမဆို ဂီတကို ဖန်တီးနိုင်ပါသည်။ ဂီတမိုးကောင်းကင်သည် အဆုံးမရှိ ကျယ်ပြောလှသည်။ ဂီတမိုးကောင်းကင်တွင် ကြယ်ပွင့်လေးများ လင်းလက်နေကြသည်။ ကြယ်ပွင့်လေးများတွင် အလင်းရောင် ကိုယ်စီရှိကြ၏။ သူတို.တတ်နိုင်သော အလင်းထုတ်လွှတ်နိုင်စွမ်းအရ အလင်းသိပ်သည်းဆ ကွာခြားပါလိမ့် မည်။ တချို့ကြယ်ပွင့်လေးများက အလင်းလက်ဆုံး ဖြစ်နေချိန်မှာ တချို့ကြယ်ပွင့်လေးများက အမှိန်ဖျော့ဆုံးလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ အလင်းလက်ဆုံး ကြယ်ပွင့်လေးများသည် တစ်ချိန်မှာ အမှိန်ဖျော့ဆုံးဖြစ် သွားနိုင်သလို၊ အမှိန်ဖျော့ဆုံး ကြယ်ပွင့်လေးများသည်လည်း တစ်ချိန်မှာ အလင်းလက်ဆုံး ဖြစ်သွားနိုင်ပါသည်။ ဘယ်သူမှ ကြိုတင်တွက်ဆနိုင်သည့် ကံတရားတစ်ခုတော့လည်း မဟုတ်ခဲ့ပါ။ တစ်ချိန်ချိန်မှာ ကြယ်အဖြစ်မှ ကြွေလွင့်ခြင်းကိုလည်း ရှောင်လွှဲ၍ မရနိုင်ပါ။ ပန်းတို့သည် ကြွေတတ်သလို ကြယ်တို့သည်လည်း ကြွေတတ်ပါသည်။ မကြွေလွင့်ခင် အလင်းလက်ဆုံးတောက်ပခွင့်ကို ကြယ်တိုင်း ရချင်မှလည်း ရပါလိမ့်မည်။ သို့သော် တစ်ကြိမ်တစ်ခါသော တောက်ပခွင့်ကို ကြယ်လေးတစ်ပွင့် မရနိုင်ဟု ဘယ်သူမှ မိုက်မဲစွာ ဝေဖန်ခွင့်မရှိပါ။

ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်း ကန့်သတ်မှု နယ်နိမိတ်စည်းကို ကျော်သွားသည့်အရာမှာ အိပ်မက်ဆိုလျှင် အဲသည်လို အိပ်မက်ကို အများဆုံးမက်ကြသူများသည် လူငယ်များ ဖြစ်ကြသည်။ လူငယ်တစ်ယောက်၏ အိပ်မက်များသည် လူကြီးတစ်ယောက်၏ အိပ်မက်များထက် အရောင်ပိုစုံပါသည်။ အကြောင်းရင်းကတော့ လူကြီးတစ်ယောက်၏ အိပ်မက်များတွင် ကိုယ်တိုင်ကာရံထားသော စည်းရိုးများ ရှိသည်။ ထိုစည်းရိုးများ သည် ခိုင်ခံ့လွန်းသည့်အတွက် ကိုယ်တိုင်ကျော်ဖြတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။ လူငယ်တစ်ယောက်၏ အိပ်မက်များကတော့ အရံအတားမရှိသော လွင်ပြင်ကျယ်တစ်ခုသာ ဖြစ်လေသည်။

လွင်ပြင်ကျယ်အိပ်မက် ကိုမက်သော လူငယ်လေးတစ်ယောက်ကို ကျွန်တော် တွေ့ခဲ့ဖူးပါသည်။ ထိုလူငယ်လေးအကြောင်း ကျွန်တော် ပြောပြချင်ပါသည်။ အဲသည်လူငယ်လေးနာမည်က ကော်နာတဲ့။ သူ့ကို Sing Street ဇာတ်ကားမှာ တွေ့ခဲ့ ရခြင်း ဖြစ်သည်။

Sing Street ဇာတ်ကားကို ဒါရိုက်တာ ဂျွန်ကားနီ (John Carney) မှ ရိုက်ကူးပါသည်။ ဒါရိုက်တာသည် ဇာတ်လမ်းကို ဆိုင်မွန်ကာမိုဒီ (Simon Carmody) နှင့် ပူးတွဲရေးခဲ့ပြီး ဇာတ်ညွှန်းကိုတော့ သူကိုယ်တိုင်ပဲ ရေးပါသည်။ ဤရုပ်ရှင်သည် ဒဗ္ဗလင်တွင် ဂျွန်ကားနီ ကြီးပြင်းခဲ့ရပုံကို ဖော်ပြထားသော ကိုယ်တိုင် ရေးရုပ်ပုံလွှာဟု ဆိုပါသည်။ ဓာတ်ပုံကို ယာယွန်အော်ဘတ် (Yaron Orbach)၊ ဇာတ်ကားတွင်ပါဝင်သော Sing Street တီးဝိုင်း၏ Original Music ကို ဂယ်ရီကလာ့ခ် ( Gary Clark) နှင့် ဂျွန်ကားနီ တို့မှ ဖန်တီးခဲ့ပါ သည်။ ပါဝင်သရုပ်ဆောင်သူများကတော့ ဖာဒီရာဝေါ့ရှ်ပီးလို (Ferdi Walsh – Peelo)၊ လူစီဘွိုင်းတန် (Lucy Boynton)၊ ဂျက်ရေးနွား (Jack Reynor)၊ အေဒင်ဂယ်လန် (Aidan Gillen) နှင့် မာရီယာဗွိုင်းကနေဒီ (Maria Doyle Kennedy) တို့ ဖြစ်ကြသည်။ ဂျွန်ကားနီရိုက်ကူးခဲ့သော Begin Again ဂီတဒရာမာဇာတ် ကားကို ကြိုက်နှစ်သက်ခဲ့သူများအနေဖြင့် Sing Street ကိုလည်း ငြိသွားနိုင်ပါသည်။

၁၉၈၅ ခုနှစ်၊ ဒဗ္ဗလင်မြို့တွင် ဖြစ်ပါသည်။ ကော်နာ (ဖာဒီရာဝေါ့ရှ်ပီးလို) သည် ဂီတကို ဝါသနာပါသော လူငယ်လေးတစ်ဦး ဖြစ်သည်။ ကော်နာမှာ အစ်ကိုနှင့် အစ်မရှိပါသည်။ မိဘများသည် စီးပွားရေး အခြေအနေမကောင်း၍ ကော်နာအား လက်ရှိတက်နေသောကျောင်းမှ ဈေးသက်သာသောကျောင်းသို့ ပြောင်းထားပါသည်။ ထိုကျောင်း၏ စည်းကမ်းဖြစ်သည့် အညိုရောင်ဖိနပ်စီးခြင်းကို ဆန့်ကျင်ခဲ့သော ကော်နာသည် ဒုတိယအကြိမ်မှာတော့ ခြေဗလာဖြင့် ကျောင်းတက်ခဲ့ရသည်။ သို့သော် ထိုပြဿနာသည် ပန်းချီခန်းမှ ဆေးယူ၍ ဖိနပ်အား သုတ်ခြင်းဖြင့် ပြေလည်သွားခဲ့သည်။ တစ်ရက်မှာတော့ ကျောင်းရှေ့လာ လာနေသော မော်ဒယ်ကောင်မလေး ရပ်ဖ်ဖီနာ (လူစီဘွိုင်းတန်) အားသွားပြီးမိတ်ဖွဲ့ရင်း သူ့ကိုအထင်ကြီး စေရန် တီးဝိုင်းထောင်ထားကြောင်း တကယ်မဟုတ်ဘဲ ကြွားပြောခဲ့သည်။ မထင်မှတ်ဘဲ ပြုလုပ်ခဲ့သော သူ့ကြွားလုံးလေးက ဝါသနာကို ပိုပြီးနက်နက်ရှိုင်းရှိုင်း အကောင်အထည်ဖော်ဖို့ လမ်းစတစ်ခု ဖြစ်ခဲ့သည်။ ကျောင်းမှာခင်ရသော သူငယ်ချင်းအား တီးဝိုင်းထောင်လိုသည့် သူ့စိတ်ကူးကို ပြောပြလိုက်တော့ ကောင်လေးတစ်ယောက်နှင့် ချိတ်ပေးခဲ့သည်။ ထိုကောင်လေးအဖေက တီးဝိုင်းထောင်ထားတော့ သူ့အိမ်မှာ တီးဝိုင်း ပစ္စည်းအစုံအလင်ရှိသည်။ ပြီးတော့ ထိုကောင်လေးက တူရိယာမျိုးစုံ တီးတတ်သည်။ သူတို့ တီးဝိုင်းအဖွဲ့နာမည်က Sing Street တဲ့။ ကျောင်းက သူငယ်ချင်းက တီးဝိုင်းမန်နေဂျာ။ သူက အဆိုသမား။ ထိုကောင်လေးက အော်ဂင်တီးသူ။ အခြားကောင်လေးနှစ်ယောက်က ဂစ်တာသမားနှင့် ဒရမ်သမား။

သီချင်းဝါသနာအိုး အစ်ကိုဘရန်ဒန် (ဂျက်ရေးနွား) က သူဘာသီချင်းနားထောင်သင့်သည်ကို ရွေးချယ်ပေးလေ့ရှိသည်။ Duran Duran ၏ Rio ကို သူတို့အဖွဲ့မှ Cover Song အဖြစ်ဖန်တီးထားသော သီချင်းခွေကြမ်းကို အစ်ကိုအား ဖွင့်ပြသည့်နေ့မှာတော့ ဆိုးဆိုးရွားရွား အဝေဖန်ခံရသည်။ တကယ်တော့ သူတို့သည် ကိုယ်ပိုင်ဟန်မရှိသေးသော အရိုင်းလေးတွေ။ သူတို့ကြိုက်နှစ်သက်သည့် ဂီတပုံစံက သူတို့သွားချင်သောလမ်းကြောင်းလား ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ သို့သော် သူတို့ရင်ထဲမှာ အဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနေသည့်အရာက ကြိုးစားခြင်းပါပဲ။ ကြိုးစားမှုကြောင့် သူတို့အရည်အသွေးတွေ တောက်ပြောင် လာခဲ့သည်။ ရပ်ဖ်ဖီနာက သူတို့အဖွဲ့၏ MTV တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို MTV ကို အစ်ကိုအားပြလိုက်တော့ သူတို့ဖန်တီးမှုကို အသိအမှတ်ပြုပေးခဲ့သလို ရဖ်ဖီနာ၏ အရည်အသွေးကိုလည်း ချီးကျူးခဲ့ပါသည်။

အနုပညာတစ်ခုကို ဖန်တီးရာတွင် ကိုယ်သွားလိုသည့် လမ်းကြောင်းကို ကိုယ်တိုင်သိမြင်နိုင်ဖို့ အချိန်ဘယ်လောက်ကြာနိုင်မလဲ။ ဒါကတော့ တစ်ယောက်နှင့်တစ်ယောက် တူညီနိုင်လိမ့်မည် မဟုတ်ပါ။ ထိုအချိန်လေးကို မရောက်သေးခင် စွဲလမ်းနှစ်သက်ခဲ့သည့်၊ ကျွန်တော်တို့အပေါ်မှာလည်း လွှမ်းမိုးနိုင်စွမ်းရှိသည့် အနုပညာလက်ရာများ၏ အရိပ်များမှ လွတ်မြောက်အောင် ရှောင်လွှဲနိုင်စွမ်း ရှိချင်မှရှိမည်။ ဒီအတွက် ဝမ်းနည်းနေဖို့ မသင့်ပါ။ တစ်ချိန်ချိန်မှာ ဖြစ်ပေါ်လာနိုင်သည့် ကိုယ်ပိုင်ဟန်ကို ပိတ်ပင်တားဆီးခြင်း မပြု လုပ်မိဖို့သာ ကြိုးစားရပါလိမ့်မည်။

ကော်နာသည် ရပ်ဖ်ဖီနာကို တိတ်တခိုး ရင်ခုန်နေခဲ့သည်။ ရပ်ဖ်ဖီနာမှာတော့ ဆေးသမားချစ်သူရှိ နေခဲ့သည်။ ပြီးတော့ ရပ်ဖ်ဖီနာ၏ အိပ်မက်က ပင်လယ်ပြင်ကြီးတစ်ဖက်ကမ်းမှာ။ တိကျစွာပြောရလျှင် လန်ဒန်မှာ…။ ဒဗ္ဗလင်မှာ ရှိမနေခဲ့ပါ။ MTV ဆက်ရိုက်ရင်း ရပ်ဖ်ဖီနာနှင့် ပိုရင်းနှီးလာခဲ့သည်။ ပြီးတော့ ရပ်ဖ်ဖီနာ၏ အချစ်စိတ်သည် သူ့ဘက်တိမ်းလာတော့မလို ရှိလေသည်။ လူတစ်ယောက်ဘဝမှာ အချစ်စစ် ဘယ်နှစ်ကြိမ် ဖူးပွင့်လေ့ရှိပါသလဲ။ သူသည် ရပ်ဖ်ဖီနာအတွက် ပထမ,မဖြစ်ခဲ့လျှင်လည်း နောက်ဆုံးတော့ ဖြစ်ချင်ခဲ့သည်။ သို့သော် သူ့ဆုတောင်းမပြည့်ခဲ့ပါ။ ရပ်ဖ်ဖီနာတစ်ယောက် သူ့ချစ်သူနှင့် လန်ဒန်သို့ ထွက်ခွာသွားခဲ့ပြီ။ သူ့မျှော်လင့်ချက်များ တစ်စစီ ပျက်စီးခဲ့လေ၏။ ပြီးတော့ သူ့မိဘများသည် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေကြသည်။
ဘဝ၏ နာကျင်ကြေကွဲဖွယ် ဖြစ်ရပ်များသည် အနုပညာသမားတစ်ယောက်၏ နှလုံးအိမ်ကို ရိုက်ခတ်ချိန်တိုင်း အနုပညာပန်းများ ဖူးပွင့်လာလေ့ရှိသည်။

ဘဝနှင့်ရင်း၍ ခံစားခဲ့ရသော အတွေ့အကြုံများသည် ဘယ်တော့မှ အချည်းနှီး မဖြစ်နိုင်။ အပူရောင်တောက်ပသော လေနီကြမ်းသည် ပန်းများ၏ ဖူးပွင့်ခြင်း ဖြစ်စဉ်ကို ဟန့်တားဖို့တော့ မတတ်နိုင်ဘူး မဟုတ်လား။ ဂီတသည် ကော်နာ၏သွေးထဲမှာ ဆက်လက်စီးဆင်း နေခဲ့သည်။ သူ့အနေဖြင့် ရှေ့ဆက်သွားရန်သာ ရှိတော့သည်။ အချစ်ကြောင့် ရရှိခဲ့သည့် လှပသောနေ့ရက်များ ကို တိတ်တဆိတ် ထုပ်ပိုးသိမ်းဆည်းထားတော့မှာပါ။ ချစ်ခြင်းက ဖြစ်စေသော အနာတရသည် သူ့ရင်ထဲ မှာ တံဆိပ်တစ်ခုလို ကျန်ရစ်ခဲ့သည်။ မဟုတ်သေးဘူး၊ ကွက်လပ်တစ်ခု ဖြစ်စေခဲ့တာပါ။ တချို့ကွက်လပ်များက ဘဝရေစီးကို မရပ်တန့်စေသည့်အပြင် ပို၍အရှိန်ကောင်းစေသော အနေအထားမျိုးလည်း ရှိပါသည်။

ကျောင်းကပွဲနေ့ ရောက်ပါပြီ။ ကော်နာတို့ အဖွဲ့သည် သီချင်းအမြူးနှင့် အနှေးကို တစ်လှည့်စီ ဖျော်ဖြေသည်။ ပရိတ်သတ်က သူတို့နှင့် တစ်သားတည်း မဖြစ်သေး။ နောက်တော့ ကျောင်းသားများကို အညိုရောင်ဖိနပ်စီးခိုင်းသည့် ကျောင်းအုပ်ဆရာကြီး၏ ဖိနှိပ်ချုပ်ချယ်မှုကို သရော်ထားသည့် သီချင်းမြူးမြူးလေး နှင့်တင်ဆက်သည့်အခါမှာတော့ ပရိသတ်နှင့် တစ်သားတည်း ဖြစ်သွားပါတော့သည်။ ထူးခြားသည့် အစီအစဉ်ကတော့ ကျောင်းအုပ်ဆရာကြီးပုံ မျက်နှာဖုံးများကို သူတို့ကိုယ်တိုင်တပ်ဆင်ပြီး ပရိသတ်ကိုလည်း ဝေပေးခဲ့ခြင်းဖြစ်သည်။ ကျောင်းစတက်သည့်နေ့က သူ့ကို အနိုင်ကျင့်ခဲ့သည့် ကောင်လေးကိုလည်း သူတို့တီးဝိုင်းကို အကာအကွယ်ပေးစေရန် ခေါ်ထားသေးသည်။

လူငယ်အားလုံး၏ အသံများကို တစ်သံတည်းဖြစ်စေရန် ဖန်တီးပေးနိုင်စွမ်းရှိသောအရာသည် ဂီတ ဖြစ်၏။ ဂီတသည် ကွဲပြားခြားနားသောအရောင်များကို တစ်ရောင်တည်းဖြစ်အောင် ပေါင်းစပ်နိုင်သည်။ ဂီတတွင် အသားအရောင်မရှိ၊ အဆင့်အတန်းမရှိ၊ ဘာသာစကားမရှိ။ မြစ်လက်တက်များ ပေါင်းဆုံစုဝေးကာ ဖြစ်ပေါ်လာသည့် ပင်လယ်၏ တည်ငြိမ်နက်ရှိုင်းသော အားမာန်သည် ဂီတ ဖြစ်ပါသည်။

ထိုညက ကော်နာအတွက် ပျော်စရာကောင်းသော လက်ဆောင်တစ်ခု ရှိနေပါသည်။ မကြာသေး မီက ချစ်သူ၏ စွန့်ပစ်ခြင်းခံရ၍ လန်ဒန်မှ ပြန်လည်ရောက်ရှိလာသော ရပ်ဖ်ဖီနာသည် သူ၏ စတိတ်ရှိုးကို လာအားပေးခဲ့သည်။ လှုပ်ရှားကခုန်နေကြသော ပရိသတ်များကြားမှ ရပ်ဖ်ဖီနာ၏ တောက်ပသော အပြုံး သည် သူ့အတွက် အားဆေးတစ်ခွက်ပါပဲ။ ထိုနေ့ညက သူတို့နှစ်ယောက်၏ ကိုယ်စီဝါသနာများကို အကောင်အထည်ဖော်နိုင်ရေး လန်ဒန်အိပ်မက်ကို အတူတူမက်ကြဖို့ သဘောတူခဲ့ကြသည်။ လန်ဒန်မှာ အဆက်အသွယ်ကောင်းများရလျှင် တီးဝိုင်းအဖွဲ့အား ခေါ်ယူဖို့ သူ ရည်ရွယ်ထားပါသည်။ အစ်ကို ဘရန်ဒန် က ဆိပ်ကမ်းကို လိုက်ပို့ပေးသည်။ သူမရှိလျှင် လမ်းပျောက်နေမည့် သူ့ညီလေးကို စောင့်ရှောက်ပေးဖို့ ရပ်ဖ်ဖီနာအား အစ်ကိုက စိုးရိမ်ကြီးစွာ မှာနေသည်။ ကော်နာသည် အဘိုး၏ မော်တော်ဘုတ်လေးအား ကိုယ်တိုင်မောင်း၍ လန်ဒန်သို့ ရွက်လွှင့်ခြင်းခရီးစဉ် စတင်ပါသည်။
အစ်ကိုသည် အိုင်းရစ်ပင်လယ်ပြင်ကြီးထဲ တစ်စစတိုးဝင်သွားသော မော်တော်ဘုတ်လေးအား မြင် နိုင်သရွေ့ ငေးကြည့်နေဆဲ။ သူ့ညီနှင့် ရပ်ဖ်ဖီနာသည် အိပ်မက်ကိုယ်စီ ပွေ့ပိုက်ရင်း တူညီသော ရပ်ဝန်း ဒေသတစ်ခုဆီ ထွက်ခွာသွားကြပြီ။ သူသည် ကျေနပ်ခြင်းနှင့် ဝမ်းနည်းခြင်းကို တစ်ပြိုင်တည်း ခံစားနေရ သည်။ သူ့မှာ ဒီလို အခွင့်အရေးမျိုး မရှိခဲ့ပါလား။ ဒါမှမဟုတ်၊ ဒီလို အခွင့်အရေးမျိုးနှင့် မကြုံကြိုက်ရအောင် သူ ကိုယ်တိုင် တားဆီးခဲ့လေလား။

ယခုအချိန်မှာ သူ့အတွက် နောင်တတစ်ခု ဖြစ်ပေါ်ခဲ့လျှင်လည်း ကော်နာအတွက် ဝမ်းသာကြည်နူးရခြင်း ခံစားမှုကို ကျော်လွန်နိုင်လိမ့်မည်ဟု သူမထင်ပါ။
ဘရန်ဒန်လိုလူမျိုးတွေ ဤလောကကြီးမှာ မရှားပါ။ အိပ်မက်လှလှလေးတွေမက်ဖို့ စိတ်ကူးတွေ ယဉ်ခဲ့ကြသည်။ ထို့အတူ လမ်းပင် လျှောက်ခဲ့ချင် လျှောက်ခဲ့ကြလိမ့်မည်။ သို့သော် ခရီးမရောက်ခဲ့။ ထိုလမ်းတွင် ကိုယ့်ကံမရှိသည်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ကိုယ်တိုင်က ဝိုးတဝါးမြင်ရသော လမ်းကို လျှောက်ဖို့ သတ္တိနည်းခဲ့သည်လည်း ဖြစ်နိုင်ပါသည်။ မိုက်ရူးရဲဆန်သည်ဟု ပြောချင်ပြောပါ။ တစ်ခါတစ်ရံ ဖြစ်မလာသေးသည့် ကံကြမ္မာကို မေ့ထားပြီး မျက်စိစုံမှိတ်ကာ လုပ်သင့်သည့် အဖြစ်တွေရှိသည် မဟုတ်လား။ အဲသည့်အချိန်မှာ ဘယ်လိုသတ္တိမျိုး မွေးမြူရမလဲ။

ပင်လယ်ပြင်ကြီးတွင် ကော်နာတို့ မော်တော်ဘုတ်လေးသည် တလှုပ်လှုပ်ဖြင့် ခရီးနှင်နေသည်။ ထိုစဉ် ခဲရောင်မိုးတိမ်များက မိုးရေစက်များကို ပင်လယ်ပြင်ဆီ ခြွေချလိုက်ပါသည်။ မိုးရေစက်များကို ပင်လယ်ပြင်ကြီးက လက်ခံလိုက်ရသည်မှာ အကြောင်းမဟုတ်ပေမယ့် မော်တော်ဘုတ်သေးသေးလေးပေါ်မှ ကော်နာ တို့နှစ်ယောက်ကတော့ ကြွက်စုတ်လေးတွေ ဖြစ်ကုန်ကြသည်။ ရပ်ဖ်ဖီနာက မကြောက်သလို ကော်နာက ပို၍ရဲရင့်နေသည်။ ဝါသနာပန်းတိုင်ဆီ ခရီးနှင်နေကြသော ချစ်သူနှစ်ဦး၏မျက်ဝန်းတွေမှာတော့ မျှော်လင့်ချက် အလင်းရောင်များ တလက်လက်တောက်ပနေကြပါသည်။ ။

Written by – ရဲစွမ်းနေ

Advertisements
<

Leave a Reply