လူငယ်များ လူ့အခွင့်အရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်းများ နားလည်သိရှိရန်လို

မော်လမြိုင်၊ ဇူလိုင်

အခြေခံလူ့အခွင့်အရေးနှင့် သက်ဆိုင်သော အချက်များနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အကြောင်းအရာများကို ပြည်နယ်အတွင်းရှိ လူငယ်များ သေချာနားလည်သိရှိရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏနွယ်က ပြောကြားသည်။

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၅ ရက်၌ ပြုလုပ်ခဲ့သော အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျောင်းနေတဲ့အချိန် လူငယ်လေးတွေက အဓိကသိသင့်ပါတယ်၊ ဒီအချိန်ထဲက သူတို့ရဲ့ စိတ်ထဲမှာ တာဝန်ယူမှုဆိုတာ ဘာလဲ၊ တာဝန်ခံမှု ဆိုတာ ဘာလဲဆိုပြီး သေချာသိနားလည်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ဦးဝဏ္ဏနွယ်က ပြောသည်။

လူ့အခွင့်အရေးအကြောင်းများနှင့် လူ့အခွင့်အရေးဆိုင်ရာအချက် ( ၃ဝ) ကို ရှင်းပြနေစဉ်ကျောင်းသူ၊ ကျောင်းသားများမှ ပြန်လည်မေးမြန်းခြင်းကို အားရကျေနပ်မိေကြာင်းဆက်လက်ပြောသည်။

အနာဂတ်လူငယ်များအနေဖြင့် တိုင်းပြည်အကျိုးကိုသယ်ပိုးနိုင်သော ထက်မြတ်သော လူရည်ချွန်များ ပေါ်ထွက်လာစေရန် မျှော်လင့်မိကြောင်းပြောသည်။

လူ့အခွင့်အရေးနှင့် ပတ်သက်၍ သိရှိသွားပြီး လူတစ်ဦး၊ တစ်ယောက်တိုင်းတွင် တာဝန်ယူမှုတာဝန်ခံမှုရှိသင့်သည်ကို သဘောကျမိကြောင်း ဆယ်တန်းကျောင်းသူ မသီရိမွန်မွန်က ပြောသည်။
“လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ သေချာကို မသိခဲ့ဘူး၊ ဆရာကြီးတွေက လာရှင်းပြပေးမှ သေချာသိတော့တယ်၊ နောက်ပြီးတော့ လူတစ်ယောက်အနေနဲ့ တာဝန်ယူမှုဆိုတာ ရှိသင့်တယ်ဆိုတာကို ရှင်းပြတာအဲဒါကို အကြိုက်ဆုံးပဲ” ဟု၎င်းက ပြောသည်။

အဆိုပါ ဟောပြောပွဲသို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အဖွဲ့ဝင်များ၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

လားတအူ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ဇူလိုင်လ ၄ ရက်နေ့က အခြေခံလူ့အခွင့်အရေးနှင့် သက်ဆိုင်သောအကြောင်းများကို ဟောပြောခဲ့ကြောင်း
သိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.