ဟိုးရှေးရှေးတုန်းကဆိုတဲ့စကားနဲ့အစချီတဲ့ ပုံပြင်ပေါင်းမြောက်မြားစွာကို ကျွန်တော်တို့ နားထောင်ခဲ့၊ ဖတ်ခဲ့၊ မှတ်ခဲ့ဖူးကြပါတယ်။
အဲဒီ့ပုံပြင်တွေထဲမှာတောသုံးထောင်ကိုအပိုင်စားတဲ့ ကေသရာဇာခြင်္သေ့မင်းတွေရဲ့ အကြောင်းပါတဲ့ ပုံပြင်တွေ လည်းအမြောက်အမြားရှိပါတယ်။ ခြင်္သေ့မင်းတွေဟာဘယ်လောက် ခွန်အားကြီးမားကြောင်း၊ ဘယ်လိုဟိန်း ဟောက်လိုက်ရင် ဘာဖြစ်သွားတတ်ကြောင်း၊ တောသုံးထောင်ကိုဘယ်လိုအပိုင်အုပ်စိုးကြောင်းစသည်ဖြင့် ဂုဏ်ဖော်ချီးမွမ်းခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ကြီးနိုင်ငယ်ညှဉ်းဆိုတဲ့ ဝါဒတစ်ခုကိုပဲ အဲဒီ့ခြင်္သေ့တွေမှာ တွေ့ရတတ်ပါတယ်။

img082-- copy

ခြင်္သေ့နဲ့ပတ်သက်ပြီး ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းမှာကျယ်ကျယ်ပြန့်ပြန့်သိရှိထားပြီးတဲ့ ပုံပြင်နှစ်ပုဒ်ကို နမူနာအဖြစ် ပြန်လည်ဖော်ပြပေးချင်ပါတယ်။
ခြင်္သေ့နဲ့ ဝေစုဆိုတဲ့ ပုံပြင်ကိုအရင်ဆုံးပြောပြချင်ပါတယ်။ ပုံပြင်ထဲမှာ ခြင်္သေ့၊ တောခွေး၊ မြေခွေးနဲ့ ခွေးအတို့ အမဲအတူလိုက်ကြပြီးရလာတဲ့ အမဲကို ခွဲဝေယူကြပါတယ်။ အဲဒီ့လိုခွဲဝေယူကြဖို့အတွက် ခြင်္သေ့က ဘယ်သူခွဲခွဲ အသားကိုဘယ်ပုံခွဲရမယ်ဆိုတာကိုသိဖို့လိုတယ်လို့ ပြောလာပါတယ်။ အဲဒီ့မှာမြေခွေးကဘယ်လိုခွဲဝေရမယ်ဆို တာသူသိကြောင်း၊ သူခွဲဝေပေးမယ်ဆိုပြီး ရလာတဲ့အမဲကိုလေးပိုင်းအညီပိုင်းလိုက်ပြီး တစ်ပိုင်းစီကိုအမဲစု လိုက်သူတစ်ဦးစီရှေ့မှာချပေးပါတယ်။ အဲဒီ့အခါမှာ ခြင်္သေ့က ဒေါသထွက်ပြီးမြေခွေးကို ဖြတ်ရိုက်လိုက်တာ မြေခွေးရဲ့မျက်လုံးရောင်ကိုင်းပြီး မမြင်ရတဲ့အထိဖြစ်သွားပါတယ်တဲ့။

အဲဒီ့နောက် တောခွေးက ကျုပ်ခွဲဝေပေးမယ်ဆိုပြီးအသားသုံးပုံကိုခပ်သေးသေးပုံပြီး စတုတ္ထပုံမှာတော့ အကြီးကြီးပုံလိုက်ပါတယ်။ ခပ်သေးသေးပုံထားတဲ့ သုံးပုံထဲကတစ်ပုံစီကိုခွေးအရှေ့၊ မြေခွေးရှေ့၊ သူကိုယ်တိုင် ရှေ့မှာချလိုက်ပြီး အကြီးကြီးပုံထားတဲ့စတုတ္ထအပုံကိုတော့ ခြင်္သေ့ရှေ့ချပေးလိုက်ပါတယ်။ ခြင်္သေ့လည်း အဲဒီ့အပုံကိုယူပြီးထွက်သွားပါလေရောတဲ့။ ပုံပြင်ကတော့ မဆုံးသေးပါဘူး။ ဒါပေမဲ့ နောက်ပုံပြင် တစ်ပုဒ်ဆီ ဆက်ကြရဦးမှာဖြစ်တဲ့အတွက် ပုံပြင်ရဲ့အဓိကဆိုလိုချက်နေရာဖြစ်တဲ့ ဒီနေရာမှာပဲဒီပုံပြင်ကို အဆုံးသတ်ပြီး ရပ်ထားခဲ့ပါမယ်။

နောက်ပုံပြင်တစ်ပုဒ်ကတော့ နှာစေးနေတဲ့ ယုန်သူငယ်နဲ့ပတ်သက်တဲ့ ပုံပြင်ဖြစ်ပါတယ်။ အဲဒီ့ပုံပြင်ထဲမှာတော့ ခြင်္သေ့နဲ့အတူ ဝက်ဝံ၊ မျောက်နဲ့ ယုန်တို့ပါဝင်ပါတယ်။ ခြင်္သေ့က သူ့ရဲ့ပါးစပ်ကိုဟပြီးဘာနံ့ရသလဲဆိုပြီးသူနဲ့ အတူနေထိုင်တဲ့ ဝက်ဝံ၊ မျောက်နဲ့ ယုန်တို့ကိုမေးပါသတဲ့။ အဲဒီ့အခါမှာ ဝက်ဝံက အမှန်အတိုင်းပဲ ဒီလောက် အသားတွေစားထားတဲ့ ပါးစပ်ကပုပ်စော်နံကြောင်းပြောလိုက်တဲ့အခါ သူ့ကိုစော်ကားတယ်ဆိုပြီး ခြင်္သေ့က ဝက်ဝံကို ကိုက်သတ်စားပစ်လိုက်ပါတယ်။

မျောက်အလှည့်ကိုရောက်လာတဲ့အခါမှာတော့ အရှေ့မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုသင်ခန်းစာယူထားတဲ့မျောက်က ကြာညိုနံ့သင်းကြောင်းလိမ်ညာပြောဆိုလိုက်ပါတယ်။ အဲဒီ့အခါမှာလည်း ခြင်္သေ့က သူ့ကိုလိမ်တယ်ဆိုပြီး ကိုက်သတ်စားပစ်ပြန်ပါတယ်။ နောက်ဆုံးယုန်အလှည့်ကိုရောက်လာတော့ အရှေ့မှာဖြစ်ခဲ့တဲ့ သင်ခန်းစာနှစ်ခု စလုံးကိုယူပြီး နှာစေးနေတဲ့အတွက် ဘာအနံ့မှမရကြောင်းပြောလိုက်တဲ့အခါမှာ အသက်ဘေးက လွတ်ခဲ့ရ တယ်ဆိုတဲ့အကြောင်းနဲ့ ပုံပြင်ကို တည်ဆောက်ထားပါတယ်။
ဒါတွေကတော့ ကျွန်တော်တို့ဘဝတွေထဲမှာ ပုံပြင်တွေအဖြစ်နဲ့ တည်ရှိခဲ့ကြတဲ့ ခြင်္သေ့တွေအကြောင်းပဲဖြစ် ပါတယ်။ အဲဒီ့ပုံပြင်တွေထဲကနေ ကျွန်တော်တို့အတွက် သိမှတ်ဖွယ်ရာနဲ့ လိုက်နာဖွယ်ရာတွေကို ရရှိစေပါတယ်။ ကျွန်တော်တို့အတွက် သိမှတ်ဖွယ်နဲ့ လိုက်နာဖွယ်တွေကိုပေးခဲ့တဲ့ ပုံပြင်ထဲကခြင်္သေ့တွေဟာ ပုံပြင်တွေထဲမှာ ပဲကျန်နေရစ်ခဲ့သလားဆိုတာ တွေးစရာရှိပါတယ်။

ပုံပြင်နှစ်ပုဒ်ထဲက ဝေစုကြီးကြီးလိုချင်တဲ့ခြင်္သေ့နဲ့ အမှန်တရားကိုလက်မခံနိုင်တဲ့ခြင်္သေ့တွေဟာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ နှစ်ပေါင်းများစွာကတည်းကစိမ့်ဝင်နေခဲ့ပါတယ်။ ပုံပြင်ထဲကခြင်္သေ့တွေထက်တောင် စောချင်စောနေနိုင်ပါသေးတယ်။ ဒီကနေ့ကာလအထိလည်း အဲဒီ့ဝေစု ကြီးကြီးလိုချင်တဲ့ခြင်္သေ့၊ အမှန်တရား ကိုလက်မခံတဲ့ခြင်္သေ့တွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြောက်အမြားရှိနေပါတယ်။

ဝေစုကြီးကြီးယူတတ်တဲ့ခြင်္သေ့၊ အမှန်တရားကိုလက်မခံတဲ့ခြင်္သေ့တွေ ကျွန်တော်တို့ထံ မကြာမကြာရောက် လာကြပါလိမ့်မယ်။ အမဲအတူလိုက်ဖို့ စည်းရုံးကြပါမယ်။ ပြီးရင် ဝေစုကြီးကြီးကို မလွဲမသွေယူကြပါမယ်။ အမှန်တရားကိုလက်မခံနိုင်ဖြစ်ကြပါဦးမယ်။ အဲဒီ့လိုခြင်္သေ့တွေနဲ့ ကျွန်တော်တို့ အမဲအတူမလိုက်မိဖို့၊ မပေါင်း ဖက်မိဖို့ကြိုးစားကြရပါမယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ခြင်္သေ့တွေ ရှိနေပါတယ်။ အခါမလပ် သတိရှိနေဖို့ လိုမှာဖြစ်ကြောင်းပါ။

Leave a Reply