ချောင်းဆုံ နိုဝင်ဘာ

ချောင်းဆုံမြိုနယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်ရာသီစက်ဝန်းလုပ်ငန်းခွင် အကြိုသင်တန်းများကို ကျေးရွာကော်မတီဝင်များအား ပို့ချသင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

“လူထုဗဟိုပြုစီမံကိန်းမှာ ကော်မတီဝင်သက်တန်းက တစ်နှစ်တာဖြစ်တဲ့အတွက် ကော်မတီဝင်အသစ် ပြန်ဖွဲ့တဲ့အခါ လုပ်ငန်းဆောင်ရွက်ခဲ့ဖူးတဲ့ လူဟောင်းတွေရှိသလို လူသစ်တွေလည်းပါဝင်နေတဲ့အတွက် ကော်မတီဝင်တွေ အနေနဲ့ စီမံကိန်းမှာကိုယ်တာဝန်ယူထားတဲ့လုပ်ငန်းတာဝန်တွေကို သိရှိဆောင်ရွက်နိုင်အောင်သင်တန်းပေးခြင်းဖြစ်တယ်”ဟု မြို့နယ်စီမံကိန်း လက်ထောက်နည်းပညာမှူး ဦးဝင်းထွဋ်က ပြောသည်။

ကျေးရွာအုပ်စုအလိုက် သင်တန်းတစ်ကြိမ်ကို တစ်ရက်နှုန်း ပို့ချသင်ကြားခဲ့ကြောင်း၊ အောက်တိုဘာ ၁ရက်နေ့မှ စကာ နိုဝင်ဘာ ၆ ရက်နေ့တွင် သင်တန်းများပြီးဆုံးမည်ဖြစ်ကြောင်း စီမံကိန်း လူထု စည်းရုံးရေးမှူး ဒေါ်စိုးစိုးဆင့်က ဆိုသည်။

စီမံခန့်ခွဲမှုသင်တန်းအပြင်သက်ဆိုင်ရာကော်မတီအလိုက် ဝယ်ယူရေးသင်တန်း ၊ ဘဏ္ဍာရေးသင်တန်း ၊ စောင့်ကြည့် ကြီးကြပ်ရေးသင်တန်း နှင့် ဝေဖန်အကြံပြုရေး သင်တန်းများကို သင်ကြားပို့ချလျက်ရှိကြောင်း ၎င်းကပြောသည်။

စီမံကိန်းကာလ ၄ နှစ်တာကာလ (၂ဝ၁၃-၂ဝ၁၄ မှ ၂ဝ၁၆-၂ဝ၁၇ စီမံကိန်းစက်ဝန်း) အတွင်း ကျေးရွာပေါင်း ၈၆၀၀ ရှိ ကျေးလက်နေ လူဦးရေ ၅ သန်းခန့်အတွက် အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းခွဲပေါင်း ၈ဝဝဝ ကျော်အား ငွေကြေးနှင့်နည်းပညာပိုင်း ထောက်ပံ့မှုများပါ ပံ့ပိုးပေးခဲ့ကြောင်း၊ လူထုဗဟိုပြုစီမံကိန်း(NCDDP)က ထုတ်ပြန်ထားသည်။

စီမံကိန်းကို ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း၈၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ယခုစီမံကိန်းရာသီစက်ဝန်းမှာ နောက်ဆုံးအပတ်စဉ်ဖြစ်ကြောင်း မြို့မိမြို့ဖ ဦးခင်မောင်ဦးကဆိုသည်။

အဆိုပါစီမံကိန်း ပြီးခဲ့သည့် တတိယနှစ်ရာသီစက်ဝန်း၌ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ ၇၈ ခုရှိသည့်အနက် မြို့ပေါ် ၃ ရပ်ကွက်မှလွဲ၍ ကျန် ရပ်ကွက်ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းခွဲ ၁၂၃ ခုကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ဟု ချောင်းဆုံမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးက ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply