Advertisements

မော်လမြိုင် ဇန်နဝါရီ ၃၀

မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် ဇေယျာမြိုင်ကျောင်းတိုက်မှ အရှင်စရိန္ဒဝံသ (ခ) ရှင်ဆရိန္ဒသည် ကျောင်းအုပ်ဆရာမတစ်ဦး၏ ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက်တွင် လွန်ခဲ့သော ၈ လကျော်က ဖော်ပြခဲ့မှုကြောင့် ဇန်နဝါရီ ၂၉ ရက်တွင် လူဝတ်လဲစေပြီး ပေါင်မြို့နယ်တရားရုံး၌ တရားစွဲခံရကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အရှင်စရိန္ဒဝံသ အပြင် ပေါင်မြို့နယ် မှော်ဘီကျောင်းတိုက်ဆရာတော် အရှင် တေဇိန္ဒ၊ ပေါင်မြို့နယ် ဆင်ရွာနေ ဒေါ်စန်း (ခ) စန်းစန်းစိမ့်တို့ပါ တရားစွဲဆိုခံရခြင်း ဖြစ်သည်။

Advertisements
data-language="en"

ဖြစ်စဉ်မှာ ယမန်နှစ်၂၀၁၈ ဧပြီ ၆ ရက်တွင် မှော်ဘီကျောင်းတိုက်ဆရာတော် အရှင် တေဇိန္ဒက ပေါင်မြို့နယ် သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နေသူ ကျောင်းအုပ်ဆရာမတစ်ဦးတို့ လူမှုရေးဖောက်ပြန်ကြောင်း လူပုံအလယ်၌ စွပ်စွဲပြောဆိုခဲ့သည်ကို လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ခ်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။

ထိုသို့ ဖော်ပြမှုနှင့် စပ်လျဉ်း၍ အရှင်တေဇိန္ဒ၊ ရှင်ဆရိန္ဒနှင့် ပေါင်မြို့နယ် ဆင်ရွာနေ ဒေါ်စန်း (ခ) စန်းစန်းစိမ့်ကို ဥပဒေအရ အရေးယူပေးပါရန် ၂၀၁၈ ဇွန် ၁၁ ရက်တွင် မုတ္တမနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တိုင်ကြားလာမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ပေါင်မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံခဲ့ရာ တိုင်ကြားခံရသူ အရှင်တေဇိန္ဒကို နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ အရ တရားစွဲဆိုရန် အကြံပြုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့အပြင် တိုင်ကြားခံရသူ ပေါင်မြို့နယ် ဆင်ရွာနေ ဒေါ်စန်း (ခ) စန်းစန်းစိမ့်ကို ဖော်ပြပါဥပဒေပုဒ်မ ၁၀/ ၁၂ အရလည်းကောင်း၊ တိုင်ကြားခံရသူ အရှင် စရိန္ဒဝံသ (ခ) ရှင်ဆရိန္ဒကို ဖော်ပြပါ ဥပဒေပုဒ်မ ၁၀/ ၁၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က)/ ၇၃ ၊ ၈၀ (ခ) အရလည်းကောင်း တရားစွဲရန် ဥပဒေအကြံပြုချက် ရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အကြံပြုချက်အရ ဥပဒေနှင့်အညီ အဆိုပါ တိုင်ကြားခံရသူ သုံးဦးကို တရားစွဲဆိုခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိအချိန်တွင် အရှင်တေဇိန္ဒမှာ ပေါင်မြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးအမှုအမှတ် ၈၇/ ၂၀၁၈၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သော ဥပဒေပုဒ်မ ၁၁ အရ ထောင်ဒဏ် ၆ လ ကျခံရန် ၂၀၁၈ စက်တင်ဘာ ၂၇ ရက်တွင် အမိန့်ချမှတ်ခံရပြီး မော်လမြိုင်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ခေတ်မင်း

Leave a Reply