မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကုန်စည်ဒိုင်ခန်းမတွင် ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်းဝင် ၁ဝဝ ကျော် တက်ရောက် ခဲ့သော်လည်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် သုံးဦးသာ တက်ရောက်ခဲ့ကြောင်း မွန်ပြည်နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများတွင် လူမှုအသင်းဖွဲ့ မှန်သမျှသည် ဒီမိုကရေစီ၏ အငွေ့အသက်ဖြစ်ပြီး လူထုအခက်ခဲ စိန်ခေါ်မှုများကို တင်ပြဆွေးနွေးနိုင်စွမ်းသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများသာဖြစ်သည်ဟု ယင်းတွေ့ဆုံပွဲ၌ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ပြည်သူအသံတွေက လွှတ်တော်ထဲ ရောက်မယ်၊ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရတွေဆီ ရောက်မယ်၊ ဒါမှ မူဝါဒ ချမှတ်ရေးမှာရော၊ လုပ်ငန်း အကောင်အထည်ဖော်ရာမှာပါ လူထုအတွက် အကျိုးရှိမယ်လို့ မျှော်လင့်တယ်”ဟု Local Rescore Center (LRC) Program Coordinator မင်းဝင်းဗိုလ်က ဆိုသည်။

၂၀၁၅ ရွေးချယ်ခံ မွန်ပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု အခြေပြု အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပဏာမ တွေ့ဆုံပွဲတွင် CSO အဖွဲ့မှ ဆွေးနွေးချက် ကိုးချက်နှင့် အကြံပြုချက် လေးချက်တို့ကို တင်ပြဆွေးနွေးခဲ့ပြီး၊ လွှတ်တော် ကိုယ်စားလှယ်ဘက်မှ ပြန်လည်ဖြေကြားနိုင်သည့် အချက်များကို ဆွေးနွေး ဖြေကြားခဲ့သည်။

“တကယ့် ဒီမိုကရစ်တစ် နိုင်ငံတော်တော်မျာများလည်း CSO ရဲ့ တောင့်တိုင်၊ CSO ရဲ့ အပြန်အလှန် ထိန်းကျောင်းမှု၊ CSO ရဲ့ ပံံံ့ပိုးမှုနဲ့ပဲ ဒီမိုကရေစီ ရင့်ကျက်တဲ့ နိုင်ငံဖြစ်လာတယ်၊ ဒီနေ့လို ဆွေးနွေးပွဲမှာ ၂၀၁၀ တုန်းက မရှိခဲ့ဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်တင်မြောက် ဖွဲ့စည်းထားရုံဖြင့် ဒီမိုကရေစီ အစိုးရ မဟုတ်ကြောင်း၊ ပြည်သူ၏ အသံ၊ ပြည်သူ၏ ဆန္ဒ၊ အဖွဲ့ပေါင်းစုံ အလွှာပေါင်းစုံ ပြည်သူများ၏ အခက်အခဲကို နားထောင်နိုင်စွမ်းရှိကာ ပြန်လည် ဆွေးနွေးပေးမှသာလျှင် ဒီမိုကရစီ အစိုးရဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့ အဖွဲ့အစည်းများ ပူးပေါင်းမှသာလျင် အကျိုးရှိသည့် လုပ်ငန်းများ အောင်မြင်မှု ရနိုင်လိမ့်မည်ဟု မင်းဝင်းဗိုလ်က ဆိုသည်။

Leave a Reply