ဆန္ဒထုတ်ဖော်ခဲ့သော လူရွှင်တော် ဂွတ်ရှယ်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် မော်လမြိုင်သဘင်ပညာရှင် အစည်းအရုံးကော်မတီက ဇာတ်သ ဘင်တည်ထောင်သူများထံမှ တစ်ဦးလျှင် ငွေကျပ် ငါးသောင်း ထည့်ဝင်ခိုင်းခဲ့ကြောင်း စိုး၊ နန်းသပြေနှင့် ကံပွင့် ဇာတ်သဘင်များထံမှ သိရသည်။

good-shall

လူရွှင်တော် ဂွတ်ရှယ်နှင့်ပတ်သက်၍ မီဒီယာများနှင့် သတင်းစာရှင်းလင်း ပွဲမပြု လုပ်ခင် စက်တင်ဘာ ၇ ရက်နေ့၊ နံနက်ပိုင်းက ဇာတ်သဘင်တည်ထောင်သူများကို ခေါ်ပြီး အစည်းအဝေးပြုလုပ်စဉ်၌ သဘင်ပညာရှင် အစည်းအရုံးကော်မတီဝင်တစ်ဦးက ထိုသို့ ငွေကြေးတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ကံပွင့် ဇာတ်သဘင် တည်ထောင်သူ ဦးဇာနည် လွင်က ပြောကြားသည်။

“ပထမ စေတနာရှိတယ်ဆို အရင် သုံးသောင်းထည့်၊ လိုအပ်ရင်နှစ်သောင်းထပ်ယူမယ်၊ မလိုအပ်ရင် မယူဘူးလို့ပြောခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။
တရားစွဲဆိုရန် ငွေကြေးထည့်ဝင်ခိုင်းသော်လည်း ပေးရန် အစီအစဉ်မရှိကြောင်းလည်း နန်းသပြေ ဇာတ်တည် ထောင်သူ ဒေါ်ဇင်မာဝင်းက ပြောဆိုသည်။
“ကျွန်မတို့ကတော့ပေးဖို့အစီစဉ်မရှိပါဘူး”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

မော်လမြိုင်သဘင်ပညာရှင် အစည်းအရုံးကမူ ထိုသို့ လူရွှင်တော် ဂွတ်ရှယ်ကို တရားစွဲဆိုရန် ငွေကြေး ကောက်ခံသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။

လက်ရှိအချိန်ထိ မည်သည့်ဇာတ်တည်ထောင်သူတစ်ဦးတစ်ယောက်ထံမှ ငွေကြေးမကောက်ခံထားဘဲ လူရွှင်တော် ဂွတ်ရှယ်ကို တရားစွဲဆိုရန် တင်ပြခဲ့ခြင်းသာဖြစ်ပြီး ကော်မတီဝင်တစ်ဦးတစ်ယောက်ကမှ ငွေကောက်ခံထားခြင်းမရှိကြောင်း မော်လမြိုင်သဘင်ပညာရှင်အစည်းအရုံး ကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက ပြောဆိုသည်။

“ဂွတ်ရှယ်ကိုတရားစွဲ လို့ရှိရင်ပေးမယ်ဆိုပြီး သူတို့ဘာသာသူတို့ ပြောဆိုခဲ့တာပါ၊ သူတို့(ဇာတ်ဆရာများ) ဆန္ဒအရ ပေးမယ်ဆိုရင်ပေးပေါ့ ၊ နောက်ဆုံးဟိုဒင်းမဖြစ်ရင် ကျွန်တော်ဥက္ကဋ္ဌကိုယ်တိုင် ပိုက်ဆံစိုက်ပေးမယ်” ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့က သဘင်လုပ်သားများကို လုပ်အားခပြည့်ပြည့်ဝဝပေးရေး၊ လုပ်အားခ ငွေကြေးများကို အကြောင်းအမျိုးမျိုးပြ ဖြတ်တောက်ခြင်း ရပ်တန့်ရေး၊အာဏာရှင်ဆန်စွာဖိနှိပ်ခြင်းများရပ်တန့်ရေးတို့ဖြင့် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ သဘင်ပညာရှင်များအစည်းအရုံးရှေ့တွင် လူရွှင်တော် ဂွတ်ရှယ်က တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုသို့ ထုတ်ဖော်ပြီးနောက် စက်တင်ဘာလ ၇ ရက်နေ့တွင် လူရွှင်တော် ဂွတ်ရှယ်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း မော်လမြိုင်မြို့ သဘင်ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် လူရွှင်တော်ဂွတ်ရှယ်ကို မော်လမြိုင်မြို့နယ်တရားရုံးမှ ဆင့်ခေါ်၍ သွားရောက်ခဲ့ပြီး တရားရုံးအာမခံရယူခဲ့ကြောင်း လူရွှင်တော် ဂွတ်ရှယ်က ပြောဆိုထားသည်။

Leave a Reply