နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာမှု အားကောင်းခြင်းသည် ယင်းနိုင်ငံ၏ အစိုးရ အဖွဲ့အစည်း အတွင်း အပြန်အလှန်ထိန်းကျောင်းနိုင်မှု စွမ်းရည် နှင့် တိုက်ရိုက် အချိုးကျကြောင်း ဂရိအတွေးအခေါ် ပညာရှင် ဆိုကရေးတီးက မိန့်ဆိုဖူးသည်။
editor-copy

ယင်းကား ဒီမိုကရေစီ အစိုးရတစ်ရပ်၏ အင်စတီကျူးရှင်းများဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် အသီးသီးက အပြန်အလှန် ထိန်ကျောင်းနိုင်မှု စွမ်းရည်မြင့်မားရန် လိုအပ်နေသည်ကို ထောက်ပြလိုခြင်းဖြစ်သည်။
ယင်းသို့ ထိန်းကျောင်းရာတွင် မဏ္ဍိုင်တစ်ခုနှင့် တစ်ခု ပွတ်တိုက်မှုများ ရှိလာနိုင်သော်လည်း ယင်းကိစ္စရပ်ကို စိုးရိမ်ရန်မလို။ ပွတ်တိုက်မှုဘရိတ်ပေါက်မသွားစေရန်သာ ဂရုပြုရန်လိုအပ်သည်။

ပိုမိုအရေးကြီးသည်မှာ မဏ္ဍိုင် တစ်ခုအပေါ်သို့ တစ်ခုက ဖိအားပေး ထိန်းချုပ် လွှမ်းမိုးခြင်းဖြစ်သည်။ အဆိုပါ အကြောင်းချင်းရာသည် ဒီမိုကရေစီ ကျဆုံးခန်းသို့ပင် ဦးတည်စေသည်ကို ယနေ့ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော နွေဦးသင်ခန်းစာများက သက်သေပြနေလေသည်။

အထူးသဖြင့် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းသည့် နိုင်ငံများနှင့် တစ်ပါတီတည်းက လွှမ်းမိုးထားသည့် အစိုးရ များတွင် အဖြစ်များလေ့ရှိသည်။

မြန်မာနိုင်ငံသည်လည်း နှစ်ပေါင်းများစွာ အမှောင်တိုက်အတွင်းကျရောက်ခဲ့ရာမှ အရပ်သားအစိုးရ တက်လာသည့် ဖြစ်စဉ်မှာ မကြာလှသေး။ ပိုမို အရေးကြီးသည်မှာ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် တစ်ပါတီတည်းက ကြီးစိုးနေခြင်းဖြစ်သည်။

ယင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များအကြား မဏ္ဍိုင် တစ်ခုနှင့် တစ်ခုအပြန်အလှန် ထိန်းကျောင်းခြင်းထက် “လူ” နှင့် “မူ” မကွဲပြားမှုများ ဖြစ်လာသည်ကိုတွေ့လာရသည်။

အထူးသဖြင့် တစ်ပါတီတည်း လွှမ်းမိုးမှု အင်အားကောင်းသော တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် လွှတ်တော်များနှင့် အစိုးရအဖွဲ့များအကြားတွင် ယင်းဖြစ်စဉ်များကို ယခုရက်ပိုင်းအတွင်း စိုးရိမ် ဖွယ်တွေ့မြင်နေရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အစိုးရအဖွဲ့ဝင်များ ဖြေကြားနိုင်သော မေးခွန်းများကိုသာ မေးမြန်းရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော် ဥက္ကဋ္ဌများကို ခေါ်ယူညှိနှိုင်းကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ ကြားသိရသည်။

ယင်းသို့ လွှတ်တော်အစည်းအဝေးမတိုင်မီ လွှတ်တော်၏ လုပ်ငန်းစဉ်များကို ဝန်ကြီးချုပ်က ကြိုတင် ညှိနှိုင်းပြော ဆိုခြင်းမှာ အခြေခံဥပဒေ နှင့် လွှတ်တော် နည်းဥပဒေများကို ကျော်လွန်နေကြောင်း အတိုက်အခံ ပါတီ တစ်ချို့က ဝေဖန်ထောက်ပြလာကြသည်။

မဏ္ဍိုင် တစ်ခု က အခြား မဏ္ဍိုင်တစ်ခု အပေါ်သို့ ပါတီပုံရိပ်ကို အသုံးပြု လွှမ်းမိုးခြင်းလာပါက ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ခိုင်မာ ရင့်ကျက်စေမှုကို အားနည်းလာစေကြောင်း သတိပြုရန် လိုအပ်လှသည်။

ပုခက်ပေါ်တွင် ကြာမြင့်စွာ နေခဲ့သော ကလေးငယ် လမ်းလျှောက်သကဲ့သို့ အုပ်ချုပ်ရေး ကဏ္ဍများနှင့် ဆယ်စုနှစ်များစွာ အလှမ်းဝေးခဲ့သော အရပ်သားအစိုးရအတွက် အချိုးမကျသည့် အခက်အခဲများ ရင်ဆိုင်နေရသည်မှာလည်း လက်ခံရမည့် အမှန်တရားဖြစ်သည်။

အုပ်ချုပ်ရေးအဖွဲ့ နှင့် တိုင်းပြည်၏ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်မှုများကို ကြံဆောင်ရသကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်သည်လည်း လွတ်လပ်စွာ မေးခွန်းမေးမြန်းခွင့်၊ အဆိုတင်သွင်းခွင့်တို့ကို ပြုလုပ်နိုင်ခွင့်ရှိရပေမည်။
ဆိုလိုသည်မှာ မဏ္ဍိုင်တစ်ခုအပေါ် တစ်ခု လွှမ်းမိုးချုပ်ကိုင်ခြင်းထက် “လူ့”စည်း၊ “ဘီလူး”ကို နားလည်သင့်ကြောင်း အကြံပြုလိုခြင်းဖြစ်သည်။

Leave a Reply