Advertisements

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံတွင်တည်ရှိသော ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းပေါများ ကြွယ်ဝမှုအပေါ်တွင် မူမတည်ဘဲ ထိုနိုင်ငံအတွင်းမှီတင်းနေထိုင်လျက်ရှိသော ပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် မူတည်လျက်ရှိပါသည်။

အဘယ်ကြောင့်ဆိုသော် သယံဇာတပစ္စည်းဟူသည် ပမာဏအကန့်အသတ်နှင့်သာ တည်ရှိပြီး၊ အချိန်အတိုင်းအတာ တစ်ခုအထိသာ အသုံးပြုနိုင်သောကြောင့်ပင်ဖြစ်ပါသည်။

ဥပမာအားဖြင့် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံသည် သယံဇာတပစ္စည်းပေါများကြွယ်ဝမှုမရှိသော်လည်း ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကြောင့် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အဖွံ့ဖြိုးဆုံးချမ်းသာဆုံးနှင့် ဝင်ငွေအကောင်းဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင်ကား မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသော်လည်း ထိုသယံဇာတပစ္စည်းများ၏ ကျိန်းစာကြောင့် ကမ္ဘာအဆင်းရဲဆုံးနိုင်ငံဖြစ်နေရခြင်းမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအားနည်းခြင်းကြောင့် ဖြစ်ပါသည်။

ထိုသို့သော ကံကြမ္မာအခြေအနေကို သုံးသပ်မိသော နိုင်ငံတော်အကြီးအကဲများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို ယိုစိမ့်မှုဖြစ်ပွားလျက်ရှိပါသည်။ ထိုအရာသည်ကား ယာဉ်မတော်တဆမှုပင်ဖြစ်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်များပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံတွင်လည်း စက်တပ်ယာဉ်အသုံးပြုမှု တစ်နေ့တခြားတိုးတက်များပြားလာပြီး ယာဉ်မတော်တဆဖြစ်ပွားမှုသည်လည်း တိုးတက်များပြားလျက်ရှိသည်။

ယာဉ်တိုက်မှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ယာဉ်မောင်းသူများသည် ယာဉ်စည်းကမ်းကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိခြင်းနှင့် လမ်းအသုံးပြုသူများ လမ်းစည်းကမ်းသိရှိလိုက်နာမှုအားနည်းခြင်းကြောင့်ဖြစ်ပါသည်။ ယာဉ်စည်းကမ်းဟူသည် ယာဉ်မောင်းသူတိုင်းသိရှိ လိုက်နာရမည့် စည်းကမ်းချက်များဖြစ်ပြီး လမ်းစည်းကမ်းဟူသည် လမ်းအသုံးပြုသူတိုင်း သိရှိလိုက်နာသင့်သည့် စည်းကမ်းချက်များဖြစ်ပါသည်။

“ယာဉ်ကြောနှင့် မျက်နှာချင်းဆိုင်လျှောက်ပါ၊ ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ညာပြန်ကြည့်၊ လမ်းရှင်းမှကူး“ ဟူသော အချက်များသည် လမ်းအသုံးပြုသူတိုင်း သိရှိလိုက်နာရမည့် စည်းကမ်းချက်များဖြစ်သော်လည်း ပြည်သူလူထုသိရှိလိုက်နာနိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးသင့်ပါသည်။

(၁၅-၅-၂ဝ၁၇) ရက်နေ့ထုတ် ဟင်္သာဂျာနယ်၊ စာမျက်နှာ (၂) တွင်ပါရှိသော သတင်းအချက်အလက်များအရ မွန်ပြည်နယ် (၁ဝ) မြို့နယ်တွင် ၂ဝဎ၆ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၇၇၄) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၁၂၈၉) ဦး၊ သေဆုံးသူ (၃၁၇) ဦးရှိပြီး၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃ဝ) ရက်နေ့အထိ ရက်ပေါင်း (၁၂ဝ) အတွင်း ယာဉ်မတော်တဆမှု (၄၆၈၆) မှု၊ ဒဏ်ရာရသူ (၇၅၂၆) ဦး ၊ သေဆုံးသူ (၁၃၇ဝ) ဦးရှိခဲ့သောကြောင့် ယာဉ်တိုက်မှုအရေအတွက် (၇) ဆခန့်တိုးတက်လာပြီး ၂ဝ၁၇ ခုနှစ် တစ်နှစ်လုံးအရေအတွက်နှင့် နှိုင်းယှဉ်မည်ဆိုပါက ယာဉ်မတော်တဆဖြစ်ပွားမှုပို၍ များပြားလာမည်ဖြစ်ပါသည်။

ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားပါက နှစ်ဖက်ယာဉ်ဖျက်စီးဆုံးရှုံးမှုတန်ဖိုး ဆေးဝါးကုသမှုကုန်ကျစရိတ်၊ တရားရင်ဆိုင်စရိတ်၊ လုပ်အားခဆုံးရံငးမှု၊ နစ်နာကြေး (လျော်ကြေး) ၊ နာရေးကုန်ကျငွေစသည့် အထွေထွေကုန်ကျငွေများကို ပေါင်းလိုက်ပါက ယာဉ်မတော်တဆတစ်ခါဖြစ်တိုင်း ငွေကျပ်သိန်း (၃ဝ) နစ်နာဆုံးရှုံးမည်ဆိုပါစို့။

၂ဝ၁၇ ခုနှစ်၊ (၄) လတာကာလအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားမှု (၄၆၈၆) မှု ဖြစ်ပွားခဲ့သောကြောင့် အထွေထွေပျက်စီးဆုံးရှုံးမှုသည် ငွေကျပ်သန်းပေါင်း (၂ဝ၅၈) နစ်နာဆုံးရှုံးခဲ့ရပါသည်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်အတွင်းရှိ နိုင်ငံတော်ပိုင် ဆေးရုံဆေးပေးခန်းများသို့ ဆေးဝါးကုသမှုကုန်ကျစရိတ် ထောက်ပံ့ငွေသည် ငွေကျပ်သန်းပေါင်း (၁၄ဝ) ကျော်သာရှိသောကြောင့် (၄) လတာ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် နစ်နာဆုံးရှုံးမှုသည် တစ်နှစ်စာ ဆေးဝါးကုသမှုကုန်ကျစရိတ်ထက် (၁ဝ) ကျော်ပို၍ များပြားနေသည်ကို သတိပြုမိမည်ဖြစ်ပါသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားမှုကို လျော့နည်းကျဆင်းအောင် ပြုလုပ်လိုက်ခြင်းဖြင့် ကုန်ကျမည့်နစ်နာဆုံးရှုံးငွေများကို နိုင်ငံတော်အတွက် အဓိကကျသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် အစားထိုးသုံးစွဲနိုင်မည်ဆိုပါက နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုစေရုံမျှမက ဒဏ်ရာရခြင်း၊ ဒုက္ခိတဖြစ်ခြင်း၊ သေဆုံးခြင်းစသည့် လူ့စွမ်းအားအရင်းအမြစ် ဖြုန်းတီးမှုကိုလည်းလျှော့ချ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ယာဉ်တစ်စီးသည် တစ်ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်တိုင်းတစ်စက္ကန့်လျှင် ဒသမ (၉) ပေနှုန်းဖြင့် ရွေ့လျားလျှက်ရှိပါသည်။ ဥပမာအားဖြင့် တစ်နာရီလျှင် ကီလိုမီတာ (၅ဝ) နှုန်းဖြင့် မောင်းနှင်နေသော ယာဉ်တစ်စီး၏ တစ်စက္ကန့်အရွေ့သည် (၄၅) ပေရှိသောကြောင့် ယာဉ်မောင်းသူတိုင်း မိမိမောင်းနှင်နေသော ယာဉ်မြန်နှုန်း (အရှိန်) ကို သတိပြုမောင်းနှင်ခြင်းဖြင့် ယာဉ်မတော်တဆဖြစ်မှုကို လျော့ကျစေမည်ဖြစ်ပါသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရာတွင် မော်တော်ယာဉ်ကြောင့် ဖြစ်ပွားခြင်းထက်ဆိုင်ကယ်ကြောင့် ဖြစ်ပွားရသည့် အရေအတွက်က ပိုမိုများပြားနေသောကြောင့် ဆိုင်ကယ်စီးနင်းမောင်းနှင်သူတိုင်း ယာဉ်စည်းကမ်းကို ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ဦးထုတ်ဆောင်းခြင်း၊ (၂) ဦးထက်ပို၍ မစီးခြင်း၊ အရက်သေစာသောက်စားမူးယစ်မှုမရှိခြင်း၊ သတ်မှတ်မိုင်နှုန်းအတိုင်းသာ မောင်းနှင်ခြင်းစသည့် စည်းကမ်းချက်များကို လက်တွေ့လိုက်နာမောင်းနှင်ခြင်းဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါသည်။

ယာဉ်တိုက်မှုဖြစ်ပွားသောကြောင့် ခြေလက်အင်္ဂါ ကျိုးကြေထိခိုက်ပါက စတီးချောင်းအစားထိုး၍ကုသနိုင်သော်လည်း ဦးခေါင်းထိပြီး ဦးနှောက်ထိခိုက်ခဲ့မည်ဆိုပါက အစားထိုးကုသရန် စတီးဦးနှောက် မတီထွင်နိုင်သေးကြောင်း ဆိုင်ကယ်စီးနှင်းမောင်းနှင်သူတိုင်း သတိပြုသင့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဦးခေါင်းပိုင်းသည် အရေးအကြီးဆုံးသော အင်္ဂါအစိတ်အပိုင်းဖြစ်သောကြောင့် ခရီးနီးနီးဝေးဝေး၊ နေ့နေ့ညည၊ ဆိုင်ကယ်စီးနင်းမောင်းနှင်သူတိုင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းသင့်ပါသည်။

ယာဉ်မောင်းသူတိုင်းအနေဖြင့် ယာဉ်အတိုက်ခံရသောသူသည် မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ သွေးသားအရင်းအခြာများသာဖြစ်ခဲ့မည်ဆိုပါက မည်သို့ခံစားရမည်နည်းဟူသော ကိယ်ချင်းစာစိတ်၊ မေတ္တာထားစိတ်ထားရှိကာ သတိဖြင့်မောင်းနှင်ခဲ့မည်ဆိုပါက ယာဉ်မတော်တဆဖြစ်မှုကို လျော့ကျစေမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လမ်းအသုံးပြုသူတိုင်း၊ ယာဉ်မောင်းသူတိုင်းသည် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို သိရှိလိုက်နာကြခြင်းဖြင့် ယာဉ်မတော်တဆဖြစ်မှုကို လျှော့ချကာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းပါသည်။

Written by – သူရိန်အောင်

Leave a Reply