Myanmar Now

မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများတွင် အကျဉ်းသားဦးရေ အဆမတန်များပြားနေခြင်း၊ ကျောက်ထုတ်စခန်းများတွင် အဓမ္မခိုင်းစေခံနေရကာ လုပ်အား အမြတ်ထုတ်ခံနေရခြင်းတို့ကို ပြုပြင်ပေးရန် ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင်အကျဉ်းထောင်ဆိုင်ရာ အကြံပြချက်များအပေါ် ကိုးကားပြီး လွှတ်တော်အမတ်များက ယင်းသို့ဆွေးနွေး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကျဉ်းထောင်ဆိုင်ရာ အကြံပြုချက်များတွင်အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန် များပြားနေခြင်းကြောင့်အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် စီမံအုပ်ချုပ်ရန် ခက်ခဲနေပြီး ကျမ်းမာရေး၊လူမှုရေးပြဿနာများလည်း ပေါ်ပေါက်လာနိုင်ကြောင်း အကြံပြုထားသည်။

ထို့ပြင် အကျဉ်းထောင်တွင် ဝင်ဆံ့သည့် ပမာဏထက် ၂၀၀ ရာခိုင်နှုန်း (၂ဆ)ကျော်ထိအကျဉ်းသားဦးရေ မြင့်တက်နေပြီး နိုင်ငံတော် ဘဏ္ဍာငွေလည်း ပိုမိုသုံးစွဲနေရခြင်းကြောင့်အကျဉ်းသားဦးရေ လျှော့ချရန် နည်းလမ်းပေါင်းစုံ အသုံးပြုသင့်သည်ဟု အစီရင်ခံစာကအကြံပြုထားသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁၀ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးကအကျဉ်းထောင်အတွင်း ရောက်ရှိနေသူများ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ မူးယစ်ဆေးဝါးအမှုဖြင့်ရောက်ရှိနေကြခြင်းဖြစ်ကြောင်း၊ ပြင်ဆင်ထားသည် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော  ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ချခြင်းမဟုတ်ဘဲ လူမှုရေးပြစ်ဒဏ်များပေးရန် ပြောဆိုသည်။

မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းထောင်တွင်းသို့ ပို့မည့်အစား လူမှုရေးပြစ်ဒဏ်များ ချမှတ်ပါကအကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန် များပြားနေခြင်းကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အကြံပြုသည်။

ကသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က မြန်မာနိုင်ငံတွင်အကျဉ်းထောင် ၄၄ လုံးရှိပြီး လိုအပ်သည့်နေရာများတွင် အကျဉ်းထောင်များ ထပ်မံဆောက်လုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းလိုကြောင်း ပြောသည်။

ထို့ပြင် လူ့အခွင့်ရေးကော်မရှင်၏ ထိုအစီရင်ခံစာတွင် အမျိုးသမီးကျောက်ထုတ်စခန်းများ ပိတ်သိမ်းပေးရန် တိုက်တွန်းထားသည်။

ယင်းနှင့်ပတ်သတ်ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းကအမျိုးသမီးကျောက်ထုတ်စခန်းများရှိ အကျဉ်းသူများမှာ သာမန်ယောက်ျားများပင် မလုပ်ကိုင်နိုင်သည့် အလုပ်ကြမ်းများကို လုပ်ကိုင်နေရပြီး နာတာရှည်ရောဂါ စွဲကပ်ကာ အကျဉ်းစခန်းကလွတ်မြောက်သည်နှင့် သေပွဲဝင်ရဖို့သာ နီးစပ်နေသောကြောင့် အမျိုးသမီး ကျောက်ထုတ်စခန်းများကို ပိတ်သိမ်းပေးရန် ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့ပြင် အကျဉ်းစခန်းများတွင် အကျဉ်းသားများ၏ လုပ်အားကို တစ်ရက်နှစ်ရာကျပ်ဖြင့်သတ်မှတ်ထားခြင်းမှာ ခေတ်နှင့်မလျော်ညီသည့်အတွက် တစ်ရက်ကို တစ်ထောင်ကျပ်အထိတိုးမြှင့်သတ်မှတ်ပေးရန် ယင်းအစီရင်ခံစာတွင် တိုက်တွန်းထားသည်။

“လုပ်အားခအပေါ် တမင်အသုံးချပြီး အမြတ်ထုတ် ရက်စက်ရာရောက်သလို ဖြစ်နေတာကြောင့် နာယကကြီးမှတစ်ဆင့် လုပ်အားခတိုးမြှင့် ချီးမြှင့်ပေးဖို့ ဒီကိစ္စကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ ထပ်မံတိုက်တွန်းပါတယ်” ဟု ဒေါက်တာ ခွန်ဝင်းသောင်းက ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းအကျဉ်းထောင် ၄၄ ခုကို ၆၈ ကြိမ်၊ အကျဉ်းစခန်း ၄၁ ခုကို ၅၆ ကြိမ် သွားရောက် လေ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

Leave a Reply