ရန်ကုန် ဧပြီ ၁၆

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူ ငါးဦးထက် ပိုမို စုဝေးခွင့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကန့်သတ်လိုက်သည်။

အမိန့်ကြေညာချက်တွင် လူငါးဦးဖြစ်စေ၊ လူငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းကို ခွင့်ပြုသော ကိစ္စရပ်များကို ဖော်ပြထားပြီး ယင်းအချက်များအပ ငါးဦးထက် ပိုမိုစုဝေးခွင့် မပြုတော့ကြောင်း အသိပေးထားသည်။

ယင်းအမိန့်အမှတ် ၃၇/၂၀၂၀ ကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ ဧပြီ ၁၆ ရက် ရက်စွဲဖြင့် ဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား – MRTV က ကြေညာခဲ့သည်။

လူ ၅ ဦးဖြစ်စေ၊ လူ ၅ ဦးထက်ပို၍ဖြစ်စေ စုဝေးနိုင်ကြောင်း ဝန်ကြီးဌာနက ခွင့်ပြုထားသော ကိစ္စရပ်များမှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်ခြင်း အသွားအပြန်ကိစ္စ ပါဝင်သည်။

ယင်းအပြင် ခွင့်ပြုချက် ရရှိထားသော ဈေး၊ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း၊ ခွင့်ပြုချက် ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်းတို့ကိုလည်း လူငါးဦးနှင့် ငါးဦးအထက် စုဝေးနိုင်သည်။

တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်းကိုလည်း ငါးဦးထက် ပို စုဝေးခွင့် ပြုထားသည်။

ခွင့်ပြုချက်နှင့်အညီ ကိုဗစ် – ၁၉ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့ကိုလည်း ခွင့်ပြုထားသည်။

ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ခြင်း၊ နာရေးကိစ္စဆောင်ရွက်ခြင်းများကိုလည်း ခွင့်ပြုသည်။

လူ ၅ ဦးဖြစ်စေ၊ လူ ၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခွင့်ကို အထက်ပါအတိုင်း ၉ ချက်သာ ခွင့်ပြုထားပြီး ယင်းတို့မှအပ ငါးဦးထက် ကျော်လွန် စုဝေးပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက သတိပေးထားသည်။

ယင်းအမိန့်ကို မထုတ်ပြန်မီ နာရီပိုင်းအလိုက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ခ်တွင် ယခုလို ကြိုတင်သတိပေး ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

“COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်။ ဘယ်ဥပဒေအရ၊ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီည ထုတ်ပြန်ပါမယ်။ အားလုံးအတွက် တစ်ပြေးညီ၊ မှန်ကန် မျှတစေဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုထားသည်။

အမိန့်ကြေညာချက်ကို ထုတ်ပြန်လိုက်သည့် ဧပြီ ၁၆ ညဦးပိုင်းတွင် မြန်မာနိုင်ငံ၌ ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေမှာ ပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ၈၅ ဦး၊ သေဆုံးသူ၄ ဦး၊ ပြန်လည်ကောင်းမွန်လာသ­ူ ၂ ဦး ရှိသည်။

ဟင်္သာမီဒီယာ

မြတ်သွင်ဦး

(ဓာတ်ပုံ – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

Leave a Reply