ခိုနူမ်းသုန်သတင်း ၊ ၁ ဧပြီ ၂၀၁၉

ချင်းပြည်နယ် မတူပီမြို့နယ်တွင် မတ်လ ၃၁ ရက်ည ၁၁ နာရီဝန်းကျင်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံများအပါအဝင် လူနေအိမ် (၇၀) ခန့် ပျက်စီးသွားသည်ဟု သိရသည်။

တိုက်ခတ်သည့် အဆိုပါလေပြင်းကြောင့် မတူပီမြို့ပေါ်ရှိ စန်ဘောင်ရပ်ကွက်တွင် နေအိမ် ၅ လုံး၊ ခိုဘွေရပ်ကွက်တွင် လူနေအိမ် ၂ လုံး၊ လောင်ဗန်းရပ်ကွက်တွင် လူနေအိမ် ၁၃ လုံး၊ ငလားရပ်ကွက်တွင် လူနေ အိမ် ၂ လုံး အမိုးလန်ပျက်စီးပြီး ဘုရားကျောင်းတစ်ကျောင်း ပြိုကျပျက်စီးသွားသည်ဟု ငလားရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးစလောင်းကပြောသည်။

“လေတိုက်တာ အရမ်းပြင်းထန်တယ် ။ ကျနော်တခါမှမကြုံဖူးဘူး၊ နာဂစ်မုန်တိုင်းများတိုက်ခတ်ပြီးလား ထင်ရတယ်၊ တချိူ့ဆိုရင် ကြောက်ပြီးငိုယိုကြတယ်၊ ကြက်ခြံ ဝက်ခြံတွေလည်း အကုန်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တွေလည်းအကုန်ထွက်ပြေးကုန်တယ်လေ။ အခုလိုက်ရှာနေကြတာ လူအသေပျောက်တော့ မရှိဘူး” ဟု ဦးစလောင်းကပြောသည်။

ထို့အပြင် မတူပီမြို့နယ် ဖနိုင်ကျေးရွာတွင် လူနေအိမ် (၄) လုံး၊ စာသင်ကျောင်းဆောင် (၂) ဆောင်နှင့် ကျေးလက်ဆေးပေးခန်းတို့ အမိုးလန်ပျက်စီးသွားကြောင်း၊ ငလိုင်ကျေးရွာတွင် လူနေအိမ် (၈) လုံးနှင့်ဘုရားကျောင်း (၂) ကျောင်း၊ ပါမိုင်းကျေးရွာတွင် လူနေအိမ် (၁၂) လုံးနှင့်ဝန်ထမ်းအိမ်ရာ (၂) လုံး၊ ဘလေးကျေးရွာတွင် လူနေအိမ ်(၁) လုံး၊ လုံငိုးကျေးရွာတွင် လူနေအိမ် (၈) လုံးနှင့်ခြန်းပြန်းကျေးရွာတွင် လူနေအိမ် (၆) လုံးတို့ အမိုးလန်ပျက်စီးသွားကြောင်းသိရသည်။

ယမန်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် ကျီခါးမြို့နယ် ဟိုင်ကျင်းကျေးရွာတွင် လူနေအိမ် (၁၇) လုံး ဘုရားကျောင်း (၃) ကျောင်း၊ တွန်းဇံမြို့ တွီးတူမ်းကျေးရွာတွင် လူနေအိမ်တစ်လုံး ပျက်စီးသည်ဟု စုံစမ်းသိရှိရသည်။

By လားနွန်

Leave a Reply