လောက်သေရွက်နှင့်ကျန်းမာခြင်းအကျိုး

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ ဆေးအဖြစ်အသုံးပြုနေကြတဲ့ ဟင်းလျာတစ်မျိုးဖြစ်တဲ့ လောက်သေရွက်အကြောင်းပဲဖြစ်ပါတယ်။

လောက်သေပင်ကို ရုက္ခဗေဒလို Desmodium triquetrum DC လို့ခေါ်ပြီး ၊မုဆိုးလှံ၊ရွှေကူူလှံတင်၊ရွှေကူသံလျက် စသဖြင့်လည်း ခေါ်ကြပါသေးတယ်။

သူဟာ ပဲမျိုးရင်း Fabaceae ထဲက Desmodium genus ထဲမှာ ပါပါတယ်။
လောက်သေပင်ဟာ စိုက်ပျိုးပင်မဟုတ်ဘဲ တောထဲမှာအရိုင်းပေါက်တဲ့အပင်မျိုးပါ။
လူတွေကတူးယူစိုက်ပျိုးရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့ ဘယဆေးပင်တစ်မျိုးလည်းဖြစ်ပါတယ်။

မြန်မာဆေးကျမ်းများအလိုအရ လောက်သေပင်ဟာ လေ၊သလိပ် သည်းခြေကိုနိုင်တယ်၊အသက်ကိုရှည်စေပြီး၊ကာမအားကိုတိုးစေတယ်။ရောဂါပိုးကိုပယ်တတ်တယ်။အဆီကိုတိုးပွားစေတယ်။အူတို့ကို တွန့်ရှုံ့စေတတ်တယ်။အဖျားရောဂါနဲ့အဲဒီရောဂါကြောင့်ဖြစ်တဲ့
စိတ်မသက်သာမှု၊ လေရောဂါ၊ မြင်းသရိုက်နဲ့ ဖောရောင်တာတွေအပြင်
ပန်းနာ ချောင်းဆိုး၊ ရေငတ်ခြင်း နဲ့ အန်တာတွေကိုပျောက်ကင်းစေတယ်လို့ဆိုပါတယ်။

လောက်သေရွက်ရဲ့အဓိကအကျိုးပြုတဲ့အချက်က ဆေးလိပ်စွဲစွဲလန်းလန်းသောက်သုံးသူတွေအတွက် အဆုတ်ကောင်းမွန်စေတဲ့အချက်ပါ။သန့်စင်ထားတဲ့လောက်သေရွက်ကို ဆားနည်းနည်း၊သံပုရာသီးတစ်ခြမ်းလောက်ထည့်ပြီး၊ပြုတ်ထားတဲ့အရည်ကို တစ်နေ့သုံးကြိမ်သောက်ပေးခဲ့ရင် တစ်ပတ်လောက်ကြာတဲ့အခါ ဆေးလိပ်ချိုးတွေကွာကျပြီး အသက်ရှူလမ်းကြောင်းသိသာစွာ ကောင်းမွန်လာမှာဖြစ်ပါတယ်။နောက်ပြီး လောက်သေရွက်အခြောက်ကို စံကားစိမ်းပွင့်အခြောက်နဲ့ရောပြီး နှမ်းဆီစစ်စစ်နဲ့ စိမ်ကာ နံနက်၊ည နေ့စဉ် ဦးရေပြားထဲစိမ့်ဝင်အောင် လိမ်းပေးခဲ့မယ်ဆိုရင် ခေါင်းကိုက်တာ၊ ဦးရေပြားပူတာ၊ဗောက်ထပြီး သန်းထူတာတွေပျောက်ကင်းပြီး ဆံပင်ကိုနက်မှောင်သန်စွမ်းစေကာ ဦးနှောက်ကိုကြည်လင်စေမှာဖြစ်ပါတယ်။ဒါ့အပြင် လောက်သေရွက်ကို လယ်ပတူူ၊ငရံ့ပတူရွက်နဲ့ဆီးဖြူသီးတို့ကို ရောသုပ်ပြီးပုံမှန်စားပေးခဲ့ရင် အမျိုးသားတွေမှာဖြစ်တတ်တဲ့ ပန်းသေရောဂါကို ပျောက်ကင်းစေပါတယ်။ (ပန်းသေရောဂါမှာ လောက်သေပင်ရဲ့အစွမ်း အံ့မခန်းပါဝင်တယ်လို့ ဆိုစမှတ်ရှိခဲ့ပါတယ်)။

ဒါ့အပြင် ပန်းနာ၊ချောင်းဆိုး၊ဆီးအောင့်၊ခေါင်းကိုက်တာတွေလည်း သက်သာပျောက်ကင်းစေပါတယ်။ပြီးတော့ ကလေးချွဲထတာ၊နှာပိတ်တာ၊ အမျိုးသမီးတွေ မီးယပ်သွေးမမှန်တာ၊ဝမ်းသက်တာနဲ့ လန့်တတ်တာတွေပါ ကာကွယ်ပေးနိုင်ပါတယ်။သူ့ရဲ့အရွက်မနု မရင့်ကိုပြုတ်ပြီး သုပ်စားတာပဲဖြစ်ဖြစ်၊ တို့စားတာပဲဖြစ်ဖြစ်စားပေးခဲ့ရင် ဝမ်းကိုက်တာ၊ ဝမ်းဖောဝမ်းရောင်တာ၊ကလေးသန်ဝမ်းကိုက်တာ၊ရင်ပြည့်ရင်ကယ်ဖြစ်တာတွေ ပျောက်ကင်းစေပါတယ်။

ကလေးတွေ အနာစက်၊ဝဲစို၊အိုင်းနာတွေဖြစ်ရင် အရွက်ကို ကျွမ်းအောင်လှော်ပြီး ရေနံချေးစစ်စစ်နဲ့လူးပေးရင် ပျောက်ပါတယ်။ ပြီးတော့ ရေခရာရွက်နဲ့ရောလှော်ပြီး နှမ်းဆီနဲ့ဖျော်လိမ်းပါကလည်း ကလေးတွေ ချက်ကြိုး၊ချက်တိုင်ကိုက်တာပျောက်ကင်းပြီး ချက်ကြိုးကြွေလွယ်ပါတယ်။ဒါ့အပြင် မိခင်နို့ချောင်းပိတ်တာ၊နို့နာ၊နို့ပျဉ်းထ တာတွေအတွက် လိမ်းပေးခဲ့ရင် အမြန်သက်သာပျောက်ကင်းစေပါတယ်။

အရွက်ကို လက်ဖက်ခြောက်လို အသုံးပြုပြီး သောက်သုံးပေးခဲ့ရင်လည်း ဆီးပူ၊ဆီးအောင့်တာနဲ့အရေပြားရောဂါတွေကိုကင်းစေတယ်လို့ဆိုပါတယ်။အရွက်ကို အခြားဆေးပင်တို့နဲ့ပေါင်းစပ်ပြီးတော့လည်း ဆီးရွှင်ဆေးအဖြစ်အသုံးပြုလေ့ရှိကြပါတယ်။

လောက်သေပင်ရဲ့အရွက်အပြင် အမြစ်ကလည်း ဆေးဖက်ဝင်ပါသေးတယ်။ဆီးမှာသွေးပါတဲ့ရောဂါအတွက် သူ့ရဲ့အမြစ်ကို ငရုတ်ကောင်းအနည်းငယ်ထည့်ကျိုပြီး ၊ဆီးပြွန်ချောင်းကနေအဲဒီပြုတ်ရည်ကို ဖန်ပြွန်ပိုက်နဲ့သွင်းပေးရင် ပျောက်ကင်းစေပါတယ်။

ဒီလို ကလေးရော လူကြီးပါ ကျန်းမာရေးအတွက် အကျိုးများစေတဲ့ လောက်သေပင်ကို လျစ်လျူရှုမထားဘဲ
အနာနဲ့ဆေးတည့်သလို စားသုံး၊အသုံးပြုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.