မော်လမြိုင်၊ ဧပြီ ၅

ရေးမြို့၊ တောင်ဘုံကျေးရွာ၊ ကော့ခရိုင်ရပ်တွင် ဧပြီ ၂ ရက်နေ့က လောင်းကစားပြုလုပ်နေသူ လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် တစ်ဦး၏နေအိမ်မှ မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တောင်ဘုံကျေးရွာနေ မထွေး (၅၀ နှစ်)၏ နေအိမ်ကို သတင်းအရ မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ် ဝရံတာစားပွဲခုံပေါ်မှ နှစ်လုံး၊ သုံးလုံးချဲထီဂဏန်းများရေးသားထားသည့် စာရွက်စာတမ်းများ၊ လောင်းကစား ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူ ကျပ် ၂ သိန်းတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် အဆိုပါ အိမ် အပေါ်ထပ်တွင် ရောက်ရှိနေကြသည့် တစ်ရွာတည်းနေသူ ကိုစိုး (ခ) သိန်းစိုး (၄၅ နှစ်)၊ ကိုစိုးလွင် (၄၄ နှစ်)၊ နိုင်စိုးလွင် (၅၀ နှစ်) တို့ ၃ ဦးမှာလည်း ဖဲရိုက်နေကြသည်ကို တွေ့ရှိသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဖဲချပ် ၁၆၄ ချပ်နှင့် ငွေစက္ကူ ကျပ် ၃၁,၅၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လောင်းကစားပြုလုပ်နေသူ ကိုစိုးလွယ်ထားတဲ့ လွယ်အိတ်အတွင်းက ငွေစက္ကူ ၅၅,၀၀၀ ကျပ်၊ ကိုစိုးလွင် ဝတ်ဆင်ထားတဲ့ အင်္ကျ ီအိတ်ကပ်အတွင်းက ငွေစက္ကူ ၁၃၇,၅၀၀ ကျပ်နဲ့ နိုင်စိုးလွင်ရဲ့ ကိုယ်ခန္ဓာထဲကနေလည်း ငွေစက္ကူ ၂၀,၄၀၀ ကျပ်တို့ကို ထပ်ရှာတွေ့ခဲ့တယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ကိုစိုးဆိုသူ၏နေအိမ်ကို ဆက် ရှာဖွေခဲ့ရာ အိမ်အောက်ထပ် ဝက်ခြံတွင် ပိုက်ဆံအိတ်တစ်လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၇ ပြား၊ ငွေစက္ကူ ၇၉,၀၀၀ ကျပ်နှင့် မူးယစ်ဆေးဝါးမဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သို့ဖြစ်၍ ကိုစိုးကို မူးယစ်ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၉ (က) ဖြင့် လည်းကောင်း၊ ကိုစိုးလွင်၊ နိုင်စိုးလွင်နှင့် မထွေးတို့ကို လောင်းကစားပုဒ်မများဖြင့်လည်းကောင်း လမိုင်းနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ခေတ်မင်း

Leave a Reply