Photo Credit : ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး Via : Khin Naing Oo Facebook

မော်လမြိုင် စက်တင်ဘာ ၂၃

အသွားအလာ ကန့်သတ်‌သည့် နေရာအဖြစ် လွန်ခဲ့သော နှစ်ရက်က အမိန့်ထုတ်ပြန်ထားသော ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာမှ ကိုဗစ်နိုင်တင်း ပိုးတွေ့လူနာသစ် ခြောက်ဦး တိုးလာခဲ့သည်။

မွန်ပြည်နယ်မှ လူနာသစ် ခြောက်ဦး ထပ်မံတွေ့ရှိရကြောင်း မော်လမြိုင်ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ လူနာသစ်များ၏ အချက်အလက်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မွန်းလွဲပိုင်းတွင် ထပ်မံ‌ကြေညာရာ အထက်ပါအတိုင်း သိရသည်။

ထပ်တိုး လူနာများမှာ အထက ရွှေလှေတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ လေးဦး၊ ဘီးလင်းဆေးရုံ စောင့်ကြည့်လူနာ နှစ်ဦး ဖြစ်သည်။

ဆယ်ကျော်သက် အမျိုးသမီးတစ်ဦး၊ ၂၁ နှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက် အစိတ်ကျော်အရွယ် အမျိုးသမီး တစ်ဦး၊ သုံးဆယ်ကျော်အရွယ် တစ်ဦးတို့ဖြစ်ကြသည်။

ဘီးလင်းမဲဆန္ဒနယ် (၁)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ၎င်း၏ မဲဆန္ဒနယ်အတွင်း ကိုဗစ်နိုင်တင်းဆိုင်ရာအခြအနေနှင့်ပတ်သက်၍ “ဘီးလင်းမြို့နယ်က Swab ပေးပို့ထားတဲ့ ၆၇ ဦးထဲက မနေ့(စက်တင်ဘာ ၂၂ ) ည ပထမအသုတ်မှာ ၅ ဦး၊ ဒုတိယအသုတ်မှာ ၆ ဦး၊ ပေါင်း ၁၁ ဦး Covid 19 ပိုးတွေ့ရှိကြောင်း၊ ကျန်တဲ့ သူများက ပိုးမတွေ့ရှိကြောင်း သိရပါတယ်။ ပိုးတွေ့သူများထဲမှာ အဝင်အထွက် ကန့်သတ်ထားတဲ့ ရွှေလှေရွာက အများဆုံး အရေအတွက် ပါဝင်ပြီး နှင်းပုလဲရွာကလည်း သုံးဦး ပါဝင်ပါတယ်”ဟု စက်တင်ဘာ ၂၃ နေ့လယ်တွင် ပြောဆိုသည်။

ယနေ့အထိ ဘီးလင်းမြို့နယ်တွင် ပိုးတွေ့သူ ၄၆ ဦး ရှိပြီဖြစ်ကြောင်း၊ နောက်ထပ် ပေးပို့ထားသည့် ဓာတ်ခွဲနမူနာ ၁၀၅ ဦး ရှိကြောင်းနှင့် ယနေ့ည သို့မဟုတ် မနက်ဖြန် နံနက်တွင် စစ်ဆေးတွေ့ရှိချက် အဖြေရရှိနိုင်ကြောင်း ဒေါက်တာခင်နိုင်ဦးထံမှ သိရသည်။

ရွှေလှေကျေးရွာကို သွားလာမှု ကန့်သတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၂၁ တွင် အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။ ဘီးလင်းမြို့နယ် အမှတ် ၂၂ တာယာစက်ရုံကိုလည်း အလားတူ ကန့်သတ်မိန့် စက်တင်ဘာ ၁၈ တွင်ထုတ်ပြန်ခဲ့သည်။

နေမင်းထွဏ်း

Photo Credit : ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး
Via : Khin Naing Oo Facebook

Leave a Reply