Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်း မီးလောင်မှု ၄၇ မှု ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုးသည် ကျပ် သိန်း ၁၀၀၀ ခန့်အထိ စံချိန် မြင့်တက်လာခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့်နှစ် တစ်ခုလုံး၌ မီးလောင်မှုပေါင်း ၇၄ ကြိမ် ဖြစ်ပွားခဲ့သော်လည်း ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်း ၆၀၀ ကျော် သာ ရှိခဲ့သည်။

“ဒီနှစ်မှာတော့ ဆုံးရှုံးမှုတန်ဖိုးရော အကြိမ်အရေတွက်ရော ပိုများလာတယ် ပိုများလာတာက လုပ်သားပြည်သူတွေ မီးသုံးစွဲတဲ့အခါမှာလည်း ဂရုစိုက်မှုနည်းပါးသေးတယ်”ဟု မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှုုး ဦးရဲအောင်က ဟင်္သာမီဒီယာသို့ပြောဆိုသည်။

မီးလောင်မှု ယခင်ထက်ပို လာရခြင်းမှာ ပြည်သူများအနေဖြင့် အသုံး ပြုသည့် ပစ္စည်း ကိရိယာများအပေါ် ထိန်းသိမ်းမှု အားနည်းခြင်း၊ စနစ်တကျ ကိုင်သွယ် သုံးစွဲမှု အားနည်းခြင်း တို့ကြောင်း ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

မီးလောင်မှုလျော့နည်းကျဆင်းစေရန် မီးဘေးလုံခြုံရေးနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ မီဘေးသတိပေးလှုံဆော်မှုများ၊ စစ်ဆေးမှုအပိုင်းများကို အရှိန်အဟုန်တိုးမြှင့်၍ လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်း ပါဝင်ပေးရန် လိုကြောင်း ဦးရဲအောင်က ပြောဆိုသည်။

လေးလအတွင်း မီးလောင်မှုတွင် မီးဖိုမီး ၁၀ကြိမ်၊ ပေါ့ဆမီး ၁၂ ကြိမ်၊ လျှပ်စစ်မီး ၁၅ ကြိမ်၊ အလိုအလျှောက်မီး နှစ် ကြိမ်၊ ရှို့မီး ခုနှစ် ကြိမ်နှင့် တောမီး ၁ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုထဲ၌ လျှပ်စစ်မီးကြောင့် မီးလောင်မှုသည် အကြိမ်ရေအများဆုံးဖြစ်သည်။

မြို့နယ်အလိုက် မီးလောင်မှုတွင် ကျိုက်ထို လေးကြိမ်၊ သထုံ ငါးကြိမ်၊ ဘီးလင်း နှစ်ကြိမ်၊ ပေါင် သုံးကြိမ်၊ မော်လမြိုင် ၁၇ကြိမ်၊ ချောင်းဆုံတွင် နှစ် ကြိမ်၊ ကျိုက်မရော လေး ကြိမ်၊ မုဒုံတွင် တစ် ကြိမ်၊ သံဖြုုဇရပ်တွင် နှစ် ကြိမ်နှင့် ရေးမြို့နယ် ခုနှစ် ကြိမ်ဖြစ်ပွားခဲ့ပြီး မော်လမြိုင်မြို့နယ်သည် မီးလောင်မှုအကြိမ်ရေ အများဆုံးဖြစ်သည်။

Written by ဂေထော

Advertisements
<

Leave a Reply