ထားဝယ်၊ ဖေဖော်ဝါရီ ။ ။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗိုလ်မှူးကြီးဗထူး ရာပြည့်မော်ကွန်း ဥယျာဉ်တွင် ထားရှိမည့် ဗိုလ်မှူးကြီးဗထူးရုပ်တုအား ဖေဖော်ဝါရီလအတွင်း ကြေးသွန်းလောင်းမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးဗထူး ရာပြည့်မော်ကွန်းဥယျာဉ် တည်ဆောက်ရေးကော်မတီ နာယက ဦးထွန်းကြည်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ပန်းပုပညာရှင် ဦးကြည်စိန်လေးက ၁၅ ပေအမြင့်ရှိသော ဗိုလ်မှူးကြီးဗထူးပုံ ရွှံ့ရုပ်တုကို ကြေးသွန်းလောင်းပြီး ရန်ကုန်မြို့မှ လေးသွန်းခံရွာသို့ သယ်ယူကာ အထက်ပါ မော်ကွန်းဥယျာဉ်တွင် ရုပ်တုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဖေဖော်ဝါရီလမှာ ကြေးစသွန်းလောင်းမယ်၊ မတ်လမှာ ဖွင့်နိုင်အောင်ကြိုးစားနေတယ်”ဟု ဦးထွန်းကြည် က ပြောဆိုသည်။

ယခုအချိန်တွင် ဗိုလ်မှူးကြီးဗထူး ရာပြည့်မော်ကွန်းဥယျာဉ်နှင့် ရုပ်တုတင်မည့်အုတ်ခုံတို့မှာ တည်ဆောက် ပြီးစီးနေပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးဗထူး ရာပြည့်မော်ကွန်း ဥယျာဉ်တည်ဆောက်ရေး ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပထမအကြီးဆုံး ကြေးရုပ်တုဖြစ်သော နေပြည်တော် စစ်ရေးပြကွင်း၌ တည်ရှိသည့် စစ်ဘုရင်များ၏ ကြေးသွန်းရုပ်တုပြီးလျှင် ဗိုလ်မှူးကြီးဗထူး ကြေးသွန်းရုပ်တုမှာ မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံး ကြေးသွန်းရုပ်တု ဖြစ်လာမည်ဖြစ်ကြောင်း ဦးထွန်းကြည်က ပြောဆိုသည်။

တပ်မတော် အစိုးရလက်ထက်က အမြင့် ၉ ပေခန့်ရှိသော ဗိုလ်မှူးကြီးဗထူး ကွန်ကရစ်ရုပ်တုကို ထားဝယ်မြို့၊ ကမြောကင်းတံတားထိပ်ရှိ ဗထူးပန်းခြံအတွင်းရှိ အုတ်ခုံအပေါ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ဗိုလ်မှူးကြီးဗထူး ရာပြည့်မော်ကွန်းဥယျာဉ် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

BIA (ထားဝယ်စစ်ကြောင်း) မှ ထားဝယ်မြို့နယ်၊ တောင်းသုံးလုံးကျေးရွာကို သိမ်းပိုက်ပြီးအချိန်တွင် ဗိုလ်မှူးကြီး ဗထူးသည် BIA တပ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်တွင် ဖက်ဆစ်ဂျပန်များကို တော်လှန်ရင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ မြင်းကြာဒိုးကျေးရွာအနီး တယ်လူစခန်းတွင် ကွယ်လွန်ခဲ့ကြောင်း သမိုင်းအထောက်အထားစာအုပ်များအရ သိရသည်။

ဗိုလ်မှူးကြီးဗထူးကို ၁၉၁၇ ခုနစ်တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာနေ ဦးဖိုးထွန်းနှင့် ဒေါ်စိန်မြတို့မှ မွေးဖွားခဲ့သည်။

Written by – တင့်လွင်

ဓာတ်ပုံ – ဦးထွန်းကြည်

Leave a Reply