လျှပ်စစ်မီးကြိုးများ ၂၀၂၂ တွင်အပြီး အဆင့်မြှင့်တင်မည်

ထားဝယ် သြဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းကို မူလတပ်ဆင်ပြီး ကြိုးများနေရာ၌ ကာဘာကြိုးဖြင့် အစားထိုးလဲလှယ်၍ အဆင့်မြှင့် တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်တွင် အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

“အဲဒါ(ဓာတ်ကြိုးဟောင်း)တွေကို နှစ်စဉ် အကုန်ချိန်းမှာ၊ တဖြည်းဖြည်း အစားထိုးသွားမှာ။ နောက်၂၀၂၂ဆိုရင် အကုန်လုံး ကာဘာလျှပ်စစ်မီးကြိုးတွေဖြစ်ပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါလုပ်ငန်းကို ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်က စတင်ခဲ့ပြီး ယခု ၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ်တွင် ကျေးရွာများတွင် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထားဝယ်မြို့၌ ယခုအချိန်တွင် ၅၀ရာခိုင်နှုန်း တပ်ဆင်ခဲ့ပြီးဖြစ်သည်။

ယင်းကြိုးများဖြင့် တပ်ဆင်ခြင်းအားဖြင့် သစ်ပင်၊ သစ်ကိုင်း စသည်များနှင့်ထိခိုက်မိ၍ မီးပျက်ခြင်း၊ ဓါတ်လိုက်ခြင်း၊ ဓါတ်အား လေလွင့်ပျောက်ဆုံးခြင်းတို့ကို ကျော်လွှားနိုင်မည်ဖြစ်သည်။

ကုန်ကျစရိတ်အနေဖြင့် ၁၁ကေဗွီ ဓါတ်အားလိုင်းတွင် ရိုးရိုးမီးကြိုး တစ်မိုင်လျှင် ကျပ် သိန်း၂၅၀ခန့်ရှိပြီး ကာဘာကြိုးမှာ တစ်မိုင်လျှင် ကျပ် သိန်း၃၅၀ ခန့်ကုန်ကျသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်အနက် ၄ သန်းကျော်၊ ရာခိုင်နှုန်းအရ ၃၈ ဒသမ ၅ ရာခိုင်နှုန်းကို ဓာတ်အား ဖြန့်ဖြူးပေးနေရပြီး နှစ်စဉ် လျှပ်စစ်လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသည်၊ လျှပ်စစ်သုံးစွဲမှုနှုန်း ခန့်မှန်းချက် (Demand Forecast ) အရ ၂၀၂၀-၂၀၂၁ခုနှစ် တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်ခန့်သာရှိနေဆဲဖြစ်ကြောင်း ယင်းဝန်ကြီးဌာန စာရင်းဇယားအချက်အလက်များက ပြဆိုသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.