Advertisements

ထားဝယ်၊ စက်တင်ဘာ ၂၅

ထားဝယ်မြို့တွင် တနင်္သာရီတိုင်းသား/သူ ၅၀ဦးဝန်းကျင်က စက်တင်ဘာလ ၂၅ရက်နေ့၊ ညနေ၅ နာရီကျော်ချိန်၌ တစ်နိုင်ငံလုံးလျှပ်စစ်မီတာခ တန်းတူ ညီမျှရေးအဝါအဝင် အချက် ၅ချက်အား ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းပြုလုပ်ခဲ့သည်။

တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်၊ ပုလော၊ တနင်္သာရီ စသောမြို့နယ်တို့မှ ဒေသခံများက အဆိုပါအချက် ၅ချက်ကိုဆန္ဒထုတ်ဖော်၍ တောင်းဆိုခဲ့ကြောင်း ယင်းဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူဦး သန်းဝင်းက ပြောကြားသည်။

“ လျှပ်စစ်မီတာခ တနိုင်ငံလုံးမှာ ခွဲခြားဆက်ဆံခံနေရတဲ့ ဟာတွေအတွက် တန်းတူညီမျှရရှိရေးအတွက် ကျွန်တော်တို့သယံဇာတ ကျွန်တော်တို့ ခံစားခွင့် ရရှိဖို့အတွက် “ဟု ဆန္ဒထုတ်ဖော်ရခြင်းနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများက ထားဝယ်မြို့၊ ဘုရားကြီးအရှေ့လမ်းမတွင်စုဝေးပြီး အုန်းတောလမ်းဆုံမှ ဆေးရုံ လမ်းအတိုင်း ဥတ္တာကြီးလမ်းဆုံ၊ ယင်းလမ်း ဆုံမှ ရေးလမ်းအတိုင်း မီးသတ်လမ်းဆုံမှတစ်ဆင့် ဘုရားကြီးအရှေ့သို့ ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံးလျှပ်စစ်မီတာခ တန်းတူညီမျှ ရေး၊ ဒို့သယံဇာတ ဒို့ခံစားခွင့်ရရှိရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်မူဝါ တစ်ခုတည်းကျင့်သုံးရေး၊ ဒေသလျှပ်စစ်ဖြန့်ဖြူး ရေးအား အစိုးရဌာနမှတာဝန်ယူလုပ်ကိုင်ရေး၊ ဒေသလျှပ်စစ်ကိစ္စ အဂတိလိုက်စားမှုမရှိရေးတို့ကို ဆန္ဒထုတ်ဖော်သူများက တောင်းဆိုခဲ့သည်။

လျှပ်စစ်အရေးအတွက် တိုင်းအတွင်း မြို့များတွင် ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သော မြို့များမှဒေသခံများထံမှသိရပြီး ထားဝယ်မြို့တွင် ပထမခြေလှမ်းအဖြစ် လျှပ်စစ်အရေး ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးသန်းဝင်းက ပြောသည်။

ယခုအချိန်တွင် ပြည်မ၌ လျှပ်စစ်ဓါတ်အားခ တစ်ယူနစ်လျှင် ၃၅ကျပ်ပေးဆောင်နေရချိန် တနင်္သာရီတိုင်း ဒေသကြီးတွင် လျှပ်စစ်ဓါတ်အား တစ်ယူနစ်လျှင် ထားဝယ်ခရိုင်တွင်၂၅၀ကျပ်၊ မြိတ်မြို့တွင် ၄၂၀ကျပ်နှင့် ကော့သောင်းမြို့တွင် ၄၅၀ကျပ်အသီးသီးပေးဆောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ဓါတ်အားသုံးစွဲမှုမှာ ထားဝယ်ခရိုင်၊ ၄မြို့နယ်တွင် ၁၄မီဂါဝပ်ကျော်၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် ၉မီဂါဝပ်ကျော်နှင့် ကော့သောင်းခရိုင်၊ကော့သောင်းမြို့၆မီဂါဝပ် ခန့်သုံးစွဲလျှက်ရှိသည်ဟု သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply