မော်လမြိုင်၊ ဇွန်

ကေဗီ ၂၃၀ လျှပ်စစ်ဓာတ်အားလိုင်းအသစ် ဓာတ်တိုင်များစိုက်ထူထားမှုကြောင့် မော်လမြိုင်လေဆိပ်တွင် လေယာဉ်များ အတက်အဆင်း ပြုလုပ်ရန်  အခက်အခဲ ဖြစ်နေကြောင်း မော်လမြိုင်လေဆိပ်တာဝန်ခံ ဦးဂျော်လီသိန်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အဆိုပါ လျှပ်စစ်ဓာတ်တိုင်များစိုက်ထူထားမှုနှင့် ပတ်သက်၍ ပြည်နယ်လျှပ်စစ်ဌာနသို့ အကြောင်းကြားစာ ပေးပို့ထားသော်လည်း အခုအချိန်ထိ ၎င်းလျှပ်စစ်ဓာတ်တိုင်များကိုပြောင်းရွှေ့ပေးခြင်း မရှိသည့်အတွက် လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များအတွက် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

“လေယာဉ်အဆင်းအတက်လုပ်တဲ့နေရာနဲ့ ၁ မိုင်နဲ့ ၂ ဖာလုံလောက်မှာ ၂၃၀ ကေဗွီ လျှပ်စစ်ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေရှိနေတဲ့အတွက်ကြောင့် လေယာဉ်ဆင်းတက်ဖို့ အန္တရာယ်ရှိတဲ့ အနေအထားဖြစ်နေတယ်” ဟု ဦးဂျော်လီသိန်းက ပြောသည်။

ယင်းသို့ လေယာဉ်အဆင်းအတက်နှင့် မလွတ်ကင်းမှုနှင့် ပတ်သက်၍ ပြည်နယ်လျှပ်စစ်ဌာနသို့အကြောင်းကြားစာပေးပို့ထားပြီး လေကြောင်းပို့ဆောင်ရေးဌာနကိုလည်း တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလို လျှပ်စစ်ဓာတ်တိုင်တွေ စိုက်ထူထားတာ ကျွန်တော်တို့ လေဆိပ်ကိုလည်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးတာမရှိခဲ့ဘူး”ဟုဦးဂျော်လီသိန်းက ပြောသည်။

၂၃၀ ကေဗီ လျှပ်စစ်ဓာတ်တိုင်များစိုက်ထူထားမှုနှင့် ပတ်သက်၍ မော်လမြိုင်လေဆိပ်မှပေးပို့လာသည့်အကြောင်းစာကိုသက်ဆိုင်ရာ  အထက်ဌာနကို တင်ပြထားပြီးဖြစ်ကြောင်း၊ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဝင်းဘိုက ပြောဆိုသည်။

မော်လမြိုင်လေဆိပ်သည် လက်ရှိအချိန်တွင် ကျောက်ကတ္တရာ ခင်းထားသော လေယာဉ်ပြေးလမ်း ပေ ၅,၄၀၀ ၊ အကျယ် ပေ ၁၅၀ ရှိကာ ATR– 72 လေယာဉ်များနှင့် နိုင်ငံတော်အဆင့်ရှိ ခရီးစဉ်လေယာဉ်များပြေးဆွဲဆင်းသက်လျက်ရှိပြီး၎င်းလေဆိပ်ကိုနိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

ခေတ်မင်း

Leave a Reply