ဘားအံ၊ ဇွန်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ နယ်စပ်ဒေသများအနက် လျှပ်စစ်မီး မရောက်ရှိသေးသည့် ဒေသအသီးသီးသို့ NEP စီမံကိန်းဖြင့် (LED) မီးအလင်းရောင် ရရှိရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးခင်မောင်ဝင်းက ဟင်္သာမီဒီယာသို့ ဇွန်လ ၂၁ရက်တွင် ပြောသည်။

” အခုစီမံကိန်းက မဟာဓါတ်အားလိုင်း မရောက်သေးချိန်အတွင်း အကြို လျှပ်စစ်ဓါတ်အားပေးစနစ် ဆောင်ရွက် ခြင်းပါ”ဟု ၎င်းက ဆိုသည်။

နောင် ၁၀နှစ်မှ ၁၅နှစ်အတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အား မရနိုင်သေးသော နေရာ၊ ဓါတ်အားလိုင်း နှင့် (၁၀)မိုင်အကွာရှိ ဒေသ၊ အချိုးကျ သတ်မှတ်ငွေကို ထည့်ဝင်ပေးသွင်းနိုင်သည့် ကျေးရွာ စသည်တို့တွင် ယင်း ဆိုလာစနစ် လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

၂၀၁၈ခုနှစ်တွင် ဆက်လက် အကောင်အထည်ဖေါ်မည့် လုပ်ငန်းစဉ်၌ ကရင်ပြည်နယ်ရှိ ၅ မြို့နယ်မှ ကျေးရွာပေါင်း(၃၀)၊ အိမ်ခြေ(၂၆၂၁)၊ မူလတန်းကျောင်း(၃၂)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အထက်တန်းကျောင်း(၄)ကျောင်း၊ ကျန်းမာရေးဌာန(၆)ခု၊ ဘာသာရေးအဆောက်အအုံ(၄၁)ခု ပါဝင်ကြောင်း သိရသည်။

နိုင်ငံနှင့်အဝှမ်းတွင် ဖော်ဆောင်မည့် လျှပ်စစ်ဓါတ်အားပေးစီမံကိန်းဖြစ်ပြီး ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း(၉၀)မှ လုပ်ငန်း အကောင်အထည်ဖေါ်နိုင်ရေးတွင် သန်း(၈၀)၊ နည်းပညာ အကူအညီပေးရေးတွင် (၁၀)သန်း အကုန်ကျခံ အသုံးပြုသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။

လက်ရှိအခြေအနေတွင် ကျေးလက်ဒေသရှိ ပညာရေးအပါအဝင် လူနေမှုစနစ်၌ လျှပ်စစ်မီးမှာ အထူး လိုအပ်လျက်ရှိကြောင်း ကွန်ရွာအောက်ကျေးရွာအုပ်စု ကမာကျေးရွာ ရာအိမ်မှူး မန်းအောင်ကြည်သိန်းက ပြောသည်။

Written by စောအယ်ဒီ ကရင်ပြည်နယ်

Leave a Reply