Advertisements

မော်လမြိုင်၊ သြဂုတ်

မွန်ပြည်နယ် လွှတ်တော်တွင် အတည်ပြုထားသော ပြည်နယ် အသေးစား၊ အလတ်စား ပုဂ္ဂလိက လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ဥပဒေအတိုင် ဆောင်ရွက် အစိုးရအဖွဲ့ထံ စာပို့ တိုက်တွန်းထားကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုသည်။

အဆိုပါ ဥပဒေအတိုင်း ဆောင်ရွက်ရန် အစိုးရအဖွဲ့ထံ သြဂုတ် ပထမအပတ်က စာပို့ခဲ့ခြင်း ဖြစ်ပြီး၊ ဥပဒေနှင့် အညီ လုပ်ဆောင်ရန် စာပို့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ပြည်နယ်အစိုးရအဖွဲ့က မဆောင်ရွက်ထားတဲ့အတွက် ဥပဒေအတိုင်းဆောင်ရွက်ဖို့ ညှိုနှိုင်းအကြောင်းကြားစာပေးပို့လိုက်တာဖြစ်တယ်”ဟု ဒေါ်တင်အိက ဆိုသည်။

ယခုလို တိုက်တွန်းစာ ပေးပို့ရန် စီစဉ်ရခြင်းမှာ ရေးမြို့နယ်တွင် ပြည်သူများထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် လျှပ်စစ်ကုမ္ပဏီသုံးတွင် ကုမ္ပဏီ တစ်ခုသာ ပြည်နယ် လျှပ်စစ်လုပ်ငန်း ဥပဒေနှင့် အညီ တင်ပြထားပြီး ကျန် ကုမ္ပဏီ နှစ်ခုမှာ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည့် သဘောဖြစ်နေသည့်အတွက် ညှိုနှိုင်းအကြောင်းကြားစာ ပေးပို့ရခြင်းဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ဥပဒေအတိုင်း လုံးဝဆောင်ရွက်ထားတာ မရှိတာလားဆိုတာကတော့ လည်းမဟုတ်ဘူး ကော်မတီဖွဲ့ထားတာတော့ရှိတယ် သို့သော်လည်းပဲ အဲ့ဒီကော်မတီက ဘာမှလုပ်ဆောင်ထားတာမရှိဘူး ပြည်နယ်အစိုးရက ဒီဥပဒေကို ကောင်းကောင်းနားလည်သဘောပေါက်ပြီးတော့ ဒီဥပဒေနဲ့အညီဖြစ်အောင် ကုမ္ပဏီတွေကို လမ်းကြောင်းပေးဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်အလတ်စားနှင့်အသေးစား ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေကို၂၀၁၆ တွင် ပြည်နယ် လွှတ်တော်၌ အတည်ပြုထားသော ဥပဒေ တစ်ခု ဖြစ်သည်။

ပြည်နယ်လျှပ်စစ်ဥပဒေတွင် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်လိုသူအနေဖြင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းများကို ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးကော်မတီထံ တင်ပြလျှောက်ထားရမှာဖြစ်ပြီး အဆိုပါကော်မတီမှ ခွင့်ပြုခြင်းမပြုခြင်း ကိစ္စရပ်များကို အကြောင်းပြန်ကြားခြင်း၊ အရည်အသွေးပြည့်မှီမှုရှိမရှိအပေါ် လျှပ်စစ်စစ်ဆေးမှုချုပ်၏ စစ်ဆေးမှုခံယူခြင်း၊ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း စသည့် အချက်များကိုပြုလုပ်ရမှာဖြစ်သည်။

အစိုးရ လျှပ်စစ်ဓာတ်အားလိုင်း မရရှိသည့်ရေးမြို့နယ်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီများဖြစ်သည့် စီးဂတ်ကုမ္ပဏီမှာ ရေးတောင်ပိုင်းဒေသများရှိ ကျေးရွာများသို့ တစ်ယူနစ်လျှင် ၃၉၅ ကျပ်ဖြစ် မြတ်သူရကုမ္ပဏီမှာ တစ်ယူနစ်လျှင် ၄၅၀ ကျပ်နှင့် Southern Myanmar Development ကုမ္ပဏီမှာ ရေးမြောက်ပိုင်းရှိ ကျေးရွာများသို့ တစ်ယူနစ်လျှင် ၄၂၅ ကျပ်ကောက်ခံကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

သက်ပိုင်

Advertisements
<

Leave a Reply