Advertisements

လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်သည့် အကျဉ်းသားများဆန္ဒပြမှုများသည် နိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင် ခုနစ်ခုထက်မနည်းဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ဆူပူမှုများသည် သင်္ကြန်အပြီး သမ္မတ၏ နှစ်ဆန်း ၁ ရက်နေ့ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

အကျဉ်းသား ၉,၀၀၀ ကျော် လွှတ်ပေးခဲ့သည့် နှစ်ဆန်း ၁ ရက်လွတ်ငြိမ်းတွင် မပါဝင်ခဲ့သည့်အတွက် ဧပြီ ၂၀ ညပိုင်းတွင် နိုင်ငံအနောက်ဘက်ပိုင်းရှိ စစ်တွေထောင်တွင် ဆူပူခဲ့ကြသဖြင့် ထောင်အာဏာပိုင်များက သေနတ်ဖောက် လူစုခွဲခဲ့ရသည်။

ထောင်ဆူမှုသည် နောက် နှစ်ရက်အကြာ တွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရွှေဘိုထောင်သို့ကူးဆက် သွားခဲ့သည်။ ရွှေဘိုထောင်သည် စစ်ကိုင်းတိုင်းအစိုးရ ရုံးစိုက်ရာ မုံရွာမြို့မှ မိုင် ၆ဝ ကျော်ဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်း တွင်တည်ရှိသည်။

သင်္ကြန်အပြီး နှစ်ဆန်း ၁ ရက်နေ့ လွှတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်သူများက ရွှေဘိုထောင်တွင်း ဆန္ဒပြခဲ့ကြပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သွားရောက်ညှိနှိုင်းခဲ့သည်။

သမ္မတက ယခုနှစ်အတွင်း ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကို ဧပြီ ၂၆ တွင်ကြေညာခဲ့ပြီးနောက် အကျဉ်းသား ၆၉၀၀ ကျော်လွှတ်ပေးခဲ့သည်။

နောက် ၁၁ ရက်အကြာ မေ ၇ တွင် တတိယအကြိမ်အဖြစ် အကျဉ်းသား ၆၅၀၀ ထပ်လွှတ်ပေးခဲ့ပြန်သည်။ သို့သော် အဆိုပါလွတ်ငြိမ်းသည် ယခုနှစ်အတွင်း နောက်ဆုံးအကြိမ်ဖြစ်သည် ဆိုသည့်သတင်း အကျဉ်းသားများထံ ရောက်သွားပြီးနောက် ထောင်ဆူပူမှုဗိုင်းရပ် စတင်ပျံ့နှံ့သွားတော့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ မော်လိုက်ကလေးထောင်မှ ထောင်သားများသည် ယခုနှစ်အတွင်း လွတ်ငြိမ်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်ဆိုသည့် သတင်းကို မေ ၇ နံနက် ၇ နာရီ ရုပ်မြင်သံကြား သတင်းမှတစ်ဆင့် သိရှိသွားပြီးနောက် နာရီပိုင်းအတွင်း ဆူပူမှုစတင်ခဲ့သည်ဟု ယနေ့ထုတ်စံတော်ချိန် သတင်းစာကရေးသားသည်။

ဆူပူမှုသည် မိနစ်ပိုင်းအတွင်း နိုင်ငံအရှေ့တောင်ဘက်ရှိ ဘားအံထောင်သို့လည်း ပျံနှံ့သွားသည်။ ထောင်တွင်းမှ သေနတ်သံတစ်ချက်ကြားခဲ့ရပြီး ယင်းသေနတ်သံသည် ကျည်မတော်တဆထွက်သွားရာမှ ထွက်လာသည့်အသံဖြစ်ကြောင်း ရဲကအတည်ပြုခဲ့သည်ဟု 7day သတင်းဌာနက ရေးသားသည်။

အပြင်းထန်ဆုံးသော ဆူပူမှု

ညပိုင်းတွင် ရွှေဘိုထောင်သည် တစ်ကျော့ပြန်ဆူပူခဲ့ပြီး ယင်းနေ့ထောင်ဆူပူမှုများထဲတွင် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ မေလ ၈ ရက် ညနေ ၄ နာရီနာရီမှစခဲ့သည့် ရွှေဘိုထောင် ဆူပူမှုသည် ၂၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ထောင်သား ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။

မငြိမ်မသက်မှုသည် ညပိုင်းအထိဆက်လက်မြင့်တက်လာပြီးနောက် အကျဉ်းထောင်တွင်းမှ သေနတ်သံများ ကြားခဲ့ရသည်။ ထောင်တွင်းမှရိုက်ကူးထားသည်ဟု ယုံကြည်ရသည့် ရုပ်သံဖိုင်များ Facebook တွင်ပျံ့နှံ့လာပြီး သေနတ်ဒဏ်ရာနှင့် အကျဉ်းသားများအားလည်းတွေ့မြင်ခဲ့ရသည်။

ဒေသခံ လူမှုကယ်ဆယ်ရေးအသင်း၏ စာရင်းများအရ သေဆုံးခဲ့သူများသည် ၁၇ နှစ်အရွယ် အောင်မြင့်မြတ်(ခ) မြင့်မြတ် ၊ ၂၂နှစ်အရွယ် နေလင်း(ခ) ငရောက်၊ အသက် ၄၀ အရွယ် စိုးရန်နိုင်ကို(ခ) ကုလား နှင့် အသက် ၄၁ နှစ်အရွယ် ကျော်ဇောဟန်တို့ ဖြစ်ကြသည်။

ဒဏ်ရာရသွားသူ နှစ်ဦးမှာ အသက် ၃၀ အရွယ် အိုက်စိုင်း နှင့် ၃၈ နှစ်အရွယ် စောလွင်တို့ ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦးအား ရွှေဘိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။ ဒဏ်ရာရသူများအနက်မှ တစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။

၎င်းတို့အားလုံးသည် သေနတ်ဒဏ်ရာများ ရခဲ့ကြောင်း ဓာတ်ပုံများတွင် တွေ့ရသော်လည်း တာဝန်ရှိသူများ ဘက်မှသီးခြားအတည်ပြုချက်တော့ မရသေးပါ။

နံနက် အစောပိုင်းတွင် အကျဉ်းထောင်သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရောက်လာပြီး ဆန္ဒပြအကျဉ်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရဘဲ ပြန်ထွက်ခွာသွားသည်။

ယင်းနောက် လက်နက်အပြည့်အစုံဖြင့်စစ်သားများ၊ မီးသတ်ကားများ ထပ်မံရောက်ရှိလာပြီး ဆန္ဒပြထောင်သားများအား ကိုယ့်အိပ်ဆောင် ကိုယ်ပြန်နေကြရန် သတိပေးသံများ ထောင်တွင်းမှ ထွက်ပေါ်လာခဲ့သည်။

နေ့လယ်ပိုင်းတွင် ထောင်တွင်းမှ ပစ်ခတ်သံများဆက်တိုက်ကြားရပြီးနောက် ဆူပူမှုကို ထိန်းသိမ်းနိုင်ပြီဟု ညနေ ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းဝန်ကြီးချုပ်ကအတည်ပြုခဲ့သည်။

မေ ၉ ဆူပူမှုများ

မေလ ၉ ရက် တစ်ရက်တည်း ဧရာဝတီတိုင်း ပုသိမ်ထောင်၊ ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ပဲခူးတိုင်း သာယာဝတီထောင်တို့တွင်လည်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်။

နံနက်ပိုင်းက စတင်ခဲ့သည့် ဆူပူမှုခဲ့သည့် ထောင်များသည် ညနေပိုင်းတွင် အခြေအနေ တည်ငြိမ်သွားခဲ့သော်လည်း ပဲခူးတိုင်းအတွင်းရှိ ပဲခူးအချုပ်ထောင်နှင့် ကျိုက်ဇကောအကျဉ်းထောင်တို့တွင်
ညနေ ၃ နာရီခန့်မှစ၍ ထောင်တွင်းဆူပူမှုလုပ်ရန် အကျဉ်းသားများက ပြင်ဆင်နေသောကြောင့် ထောင်အာဏာပိုင်များက စောင့်ကြည့်နေကြောင်း ပဲခူးအခြေစိုက် ပဲခူးသတင်းစဉ် ကရေးသားသည်။

Advertisements
<

Leave a Reply