မော်လမြိုင်၊ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ သေမင်းတမန် မီးရထားလမ်းပြတိုက် အဆောက်အဦဖွင့်ပွဲကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက် ၁၁ နာရီခွဲတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း တလမွန်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးနိုင်လွင်က ပြောသည်။
သေမင်းတမန် မီးရထားလမ်းပြတိုက်တွင် သမိုင်းဝင်မှတ်တမ်းများကို ပန်းချီကားများဖြင့် ပြသမည့်အပြင် ရှေးယခင် သမိုင်းဝင် ပစ္စည်းများကိုလည်း ပြန်လည်စုစည်းပြသမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ခုလောလောဆယ် ပြလို့ရမှာက 3D နဲ့ဆွဲထားတဲ့ပုံတွေရယ်၊ နောက် သမိုင်းဝင်ဓာတ်ပုံတွေ၊ ဟိုတုန်းက ဓာတ်ပုံတွေကို မူလပုံမပျက်အောင် မူလနီးပါးကောင်းအောင် ပြန်လုပ်ပြီးတော့ပြမယ်၊ ဒါက ပြတိုက်ထဲက အနေအထား၊ အပြင်မှာက မွန်ရိုးရာလယ်စောင့်တဲပြမယ်၊ သေမင်းတမန် ရထားလမ်း ဖောက်လုပ်တဲ့ သရုပ်ပြတာတွေ အဲဒါတွေပြမယ်၊ ရထားစက်ခေါင်းရှိတယ် ရထားစက်ခေါင်းကို လေ့လာမယ်”ဟု ၎င်းက ပြောသည်။
ဖွင့်ပွဲတွင် စျေးရောင်းပွဲတော်၊ မြန်မာအဆိုတော် မွန်အဆိုတော်များပါ၀င်သော တေးဂီတ ဖျော်ဖြေပွဲများနှင့် ရုပ်ရှင်ဇာတ်ကားများပြသမည့် အစီအစဉ်လည်းပါဝင်ကြောင်း သိရသည်။
မြန်မာ့သမိုင်းတွင် ထင်ရှားသည့် တစ်ခုတည်းသော ပြတို်က်ဖြစ်သည့် သေမင်းတမန် မီးရထားလမ်းပြတိုက်ကို တလမွန်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။