ရန်ကုန်၊ သြဂုတ် ၁၇
ရိုးဂုဏ်

မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံက ယန်းငွေ သန်း ၁၈၀ ကျော် ကူညီပေးမည် ဖြစ်သည်။

ရွေးကောက်ပွဲ အကူအညီပေးရေး စီမံကိန်းဟု အမည်ရသော အဆိုပါ ကူညီမှုနှင့် ပတ်သက်၍ ဂျပန် သံအမတ် Mr. MARUYAMA ICHIRO က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ ဘက်ပေါင်းစုံကနေ အစွမ်းကုန် ကူညီသွားပါမယ် ” ဟု ပြောသည်။

ယင်းစီမံကိန်းကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ကြိမ်ထက်ပိုသော မဲပေးမှုများကို တားဆီးနိုင်ရန် အဓိက ပံ့ပိုးကူညီမည့် အလွယ်တကူ ဖျက်ပစ်၍မရသော မင်ရည်များကို နိုင်ငံတစ်ဝန်းရှိ မဲရုံများကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲကို ကူညီပေးခြင်းမှာ ယခု ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲကာလကလည်း လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ပံ့ပိုးခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုပါ စေလွှတ်ခဲ့သည်။ ယခုနှစ်အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့လာရောက်နိုင်ခြင်း ရှိ မရှိမှာမူ မသေချာသေးကြောင်း သံအမတ်က ပြောသည်။

Leave a Reply