လွန်ခဲ့သော ၂၀၁၈ သို့မဟုတ် တိုင်းပြည်ခေါင်းဆောင်များ မွန်ပြည်နယ် ရောက်လာတဲ့နှစ်

နိုင်ငံတော်သမ္မတ မော်လမြိုင်သို့ လာရောက်သည့်နေ့က ကြိုဆိုနေမှု မြင်ကွင်းတစ်ရပ်။

၂၀၁၈ ခုနှစ်သည် မွန်ပြည်နယ်မော်လမြိုင်မြို့သို့ တိုင်းပြည်ရှိခေါင်းဆောင်ကြီးများအားလုံး ရောက်ရှိလာခဲ့သော နှစ်ဟုဆိုနိုင်ပြီး ယင်းအတွင်း ထူးခြားဖြစ်စဉ်များကို ပြန်လည်ဖော်ပြအပ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇွန်လ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာလတွင် မော်လမြိုင်မြို့သို့ အသီးသီးလာရောက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန

သမ္မတခရီးစဉ် ဘာတွေထူးလဲ

စိတ်ဓာတ်တွေပြောင်းပါ

“လုပ်ဆောင်ချက်တွေ ဘာလို့ နှောင့်နှေးနေတာလည်းဆိုတော့ ဝန်ထမ်းတွေတစ်ချို့ စိတ်သဘောထားတွေ မပြောင်းလဲသေးဘူး”ဟု ဒီဇင်ဘာ ၁၄ရက်တွင် မော်လမြိုင်သို့ရောက်ရှိလာပြီးနောက် မွန်ပြည်နယ်ခန်းမအတွင်း ပြုလုပ်သည့် တွေ့ဆုံပွဲတွင် သမ္မတဦးဝင်းမြင့်က ပြောခဲ့၏။

ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော် အပေါ် သစ္စာခံယူထားသူ ဖြစ်၍ နိုင်ငံ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည့်အပြင် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကိုလည်း လိုက်နာရမည်ဟု ၎င်းက ပြောသည်။

“ဝန်ထမ်းဆိုတာ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကမှ ကိုယ့်အိတ်ထဲက စိုက်ပြီး ပေးထားတာမဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေစာရင်းကနေပြီးတော့ ပြည်သူ့ဘဏ္ဍာကို ကျခံပြီး သုံးစွဲခွင့်ပေးထားတာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို သွားတဲ့အခါမှာ ပြည်သူကို မျက်နှာမူရမယ်။ ဝန်ထမ်းဆိုတာ နိုင်ငံတော်အပေါ် တာဝန်ကျေပွန်အောင် ထမ်းဆောင်ရမယ်။ ဒီနေ့ ဒီနေရာကို ရောက်နေတာက ပြည်သူတွေကို ဝန်ဆောင်မှု ကောင်းကောင်းပေးဖို့၊ ပြည်သူတွေအတွက် လုပ်ဆောင်ဖို့ပါလားလို့ တွေးထားပါ”ဟု ဆိုသည်။

တိုင်စာတွေပွဲဆူ

နိုင်ငံတော် သမ္မတ မော်လမြိုင်သို့ ရောက်ရှိလာမည်ဟူသော သတင်းကြောင့် သမ္မတ လက်ထံ တိုင်စာ ပေးချင်သူမှာ ဒုနှင့်ဒေး။

တိုင်စာပေးမည့်သူများသည် နံနက် ၇ နာရီအချိန်ခန့်ကတည်းက ပြည်နယ်ခန်းမ အရှေ့၌ ရောက်ရှိကြပြီး ဖြစ်သည်။

တိုင်စာပေးရန် ဌာန မရှိသောကြောင့် ပြည်နယ် ခန်းမအရှေ့၌ လူပေါင်း ၁၀၀ ကျော်မှာ ရုတ်ရုတ်သဲသဲ။
အချို့ တိုင်စာပေးမည့်သူများဆိုလျှင် မိမိတို့ ခံစားနေရသော အခက်အခဲနှင့် ဒုက္ခများကို အော်ဟစ် ကြွေးကြွော်ခြင်းပါ ပြုလုပ်လာ၏။

နောက်ဆုံး၌ သမ္မတ မရောက်မီ ၁ နာရီအလို နံနက် ၉ နာရီမှသာ တိုင်စာ လက်ခံရေး ဌာနကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုအခြေအနေကို တိုင်ကြားစာ လက်ခံရေးအဖွဲ့ဝင် မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) ဦးချစ်မင်းဦးက ယခုလို ရှင်းပြ၏။

“အစကတည်းက တိုင်ကြားစာလက်ခံရေးအဖွဲ့ ဖွဲ့ထားတယ်။ ဒါပေမယ့် အထဲမှာ သွားဖွင့်လိုက်တယ်။ မနက်ကဖြစ်သွားတာက ကဒ်ပါမှ အထဲဝင်လို့ရမယ်ဆိုတော့ ကျန်တဲ့သူတွေဝင်လို့မရဘူး။ ကျွန်တော်တို့ကလည်း အထဲမှာစောင့်နေတယ်။ နောက်မှသိတော့ အပြင်ပြန်ထွက်လာရတယ်” ဟုဆိုသည်။

ရုန်းရင်းဆန်ခတ်

မွန်ပြည်နယ်ခန်းမသို့ နိုင်ငံတော်သမ္မတရောက်မလာမီ ပြည်သူအချို့နှင့် တာဝန်ရှိသူတို့အကြား မပြေလည်မှုမှာ ယင်းတစ်ခု ထဲတော့မဟုတ်။

ကြိုဆိုလိုသူ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဝင်အချို့၊ သမ္မတထံ တိုင်ကြားလိုသည့် ပြည်သူအချို့ ပြည်နယ်ခန်းမ၏ အဝင်ပေါက်ဘေးဘယ်ညာတွင် စောင့်ဆိုင်းခွင့်ပြုထားသော်လည်း သမ္မတယာဉ်တန်းမှာ အခြား ဂိတ် ပေါက်မှ ဝင်သွားသဖြင့် ရာဂဏန်းနီးပါးရှိလူအုပ်မှာ

တိုင်စာပေးလိုသူတို့က “သမ္မတကြီးကယ်တော်မူပါဗျို့”ဟုတစ်မျိုး၊ စီစဉ်သူတာဝန်ရှိသူတို့ကို ရည်ညွှန်းသည်ဟု ယူဆရသည့် “မိုက်ရိုင်းလိုက်တာကွာ” ဟု တစ်ဖုံ၊ ကြိုဆိုလိုသူတိုက “သမ္မတကြီးကျန်းမာပါစေ”ဟု တစ်သွယ် အသီးသီးအော်ဟစ်ကာ ဝရုန်းသုံးကားဖြင့် ယာဉ်တန်းဝင်သွားရာ ဂိတ်ပေါက်သို့ အပြေးလိုက်ကြရလေ၏။

မီဒီယာတို့လည်းမကျေနပ်ပါ

အဆိုပါခရီးစဉ်မတိုင်မီ သတင်းယူမည့် သတင်းသမားများ အမည်စာရင်း လျှောက်ထားကြရန် ပြန်ကြားရေးနှင့် ဆက်ဆံရေး ဦးစီးဌာနက သတင်းမီဒီယာများကို အကြောင်းကြားခဲ့သည်။

ထို့နောက် သတင်းယူခွင့် ကတ်များ ထုတ်ပေးရာတွင် သတင်းမီဒီယာသမားများက ဝန်ထမ်းကတ်၊ မှတ်ပုံတင်စသည့် ပစ္စည်းများကို အပေါင်အဖြစ် အပ်နှံခဲ့ရသည်။

ထိုကိစ္စရပ်မှာ သတင်းမီဒီယာသမားက လူမှုကွန်ရက် ဖော့စ်ဘုတ်စာမျက်နှာ၌ ဝေဖန်ရေးသားပြီး နာရီပိုင်းအတွင်းမှာပဲ အပေါင်းထား ထားသော်လည်း ကတ်များ ပြန်ထုတ်နိုင်ကြောင်း ပြန်/ဆက်က အကြောင်းကြားခဲ့သည်။

ယင်းအပြင် ပြည်နယ်ခန်းမ၌ သတင်းရယူသည့်နေ့တွင်လည်း သမ္မတ မိန့်ခွန်းပြီးနောက် ပုဂ္ဂလိက မီဒီယာများ အပြင်ထွက်ပေးကြရန် ပြောဆိုလာပြန်သည်။

“ဖယ်ခိုင်းတဲ့အခါမှာ အကုန်လုံးဖယ်ရတာမဟုတ်ဘဲနဲ့ နိုင်ငံပိုင်မီဒီယာနဲ့ ပုဂ္ဂလိကပိုင် SKY NET မီဒီယာကို သတင်းရယူခွင့်ပြုပြီး ကျန်တဲ့ မီဒီယာကို သတင်းရယူခွင့် ပိတ်ပြီး ခွဲခြားဆက်ဆံခံရတယ်။ အခုပဲ သမ္မတမိန့်ခွန်းမှာ ပြောသွားတယ်။ ဒီမိုကရေစီဆိုတာက တန်းတူညီမျှမှုရှိဖို့တွေ ပြောသွားတယ်။အခုပဲပြောသွားပြီး အခုပဲ အောက်ခြေမှာလုပ်နေတဲ့ လူတွေက စီမံခန့်ခွဲမှု အားနည်းနေတယ်။ ပြည်နယ်ရှိတဲ့ လူကြီးတွေက ဒီလိုနိုင်ငံတော်အကြီးအကဲတွေရဲ့ အခမ်းအနားတွေမှာ သတင်းရယူမှု ကန့်သတ်မှုတွေ မရှိသင့်ဘူး” ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးဉာဏ်စိုးဝင်းက ပြောဆိုသည်။

ဆက်လက်၍ “ပြည်နယ်အစိုးရနဲ့ ဌာနဆိုင်တွေ သမ္မတကြီးနဲ့တွေ့တဲ့အချိန်မှာ သမ္မတရဲ့မိန့်ခွန်းပြီးသွားတဲ့အချိန်မှာ သက်ဆိုင်ရာဌာနတွေရဲ့ တင်ပြချက်တွေရှိမယ်။ အဲအချိန်မှာ တစ်ချို့ကိစ္စတွေ ဌာနဆိုင်ရာက လစ်ဟာမှုကို ပြည်သူတွေကို မသိစေချင်လို့ မီဒီယာကို မောင်းထုတ်တယ်လို့ပဲ မြင်တယ်” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်များ တွေ့ရှိမှုတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း ဒီမိုကရေစီတူဒေး သတင်းထောက် ဦးဇိနားက ပြောဆိုသည်။

“ဒီမှာရှိနေတဲ့လူတွေက အခမ်းအနားအစအဆုံးပေးမဝင်တာ လာကြောင့်လဲ၊ ကျွန်တော်လက်မခံဘူး။ အမှန်အတိုင်း ပြည်သူတွေကို တစ်ဆင့်ပြန်ပြီး တင်ပြပေးနေတဲ့ မီဒီယာတွေဖြစ်တယ်။ ဒီလိုဖြစ်နေတာ ပွင့်ပွင့်လင်းလင်းမရှိဘူးလို့ သတ်မှတ်ပါတယ်” ဟု၎င်းက ဆိုသည်။

ယင်းနောက် သမ္မတသည်ခန်းမမှပြန်လည်ထွက်ခွာရာတွင်လည်း

“သမ္မတကြီး ခင်ဗျား၊ သမ္မတကြီး မိန့်ခွန်ပြီးတာနှင့် ကျွန်တော်တို့ မီဒီယာတွေကို မောင်းထုတ်ခံရတယ်”ဟု မီဒီယာတို့၏ အသိပေးမှုကိုလည်းကြုံရပြန်လေ၏။

====

Photo : BNI

အတိုင်ပင်ခံခရီးစဉ်နှင့် ထူးခြားချက်အချို့

နှစ်ခါ ရွှေ့ရခြင်း

မော်လမြိုင်တွင် ပြုလုပ်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံ ပြည်သူနှင့် ငြိမ်းချမ်းရေး စကားဝိုင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ရပြီးနောက် ဇွန် ၁၄ ရက်ရောက်မှသာ မော်လမြိုင်တက္ကသိုလ်၌ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား ပါဝင်မှု နည်းပါးခြင်း

အတိုင်ပင်ခံက ကျောင်းသားများသည် နိုင်ငံတော် အနာဂတ် ဖြစ်၍ မိမိတို့ နိုင်ငံ၏ အနာဂတ် ဖြစ်သည်ကို မမေ့ကြရန်နှင့် တာဝန်သိစိတ်၊ ကြိုစားချင်စိတ်၊ စေတနာထားသည့် စိတ်များ ရှိကြရန် မှာကြားခဲ့သည့် စကားဝိုင်းကို မော်လမြိုင် တက္ကသိုလ်ဝင်းတွင် လုပ်ဆောင်သည်။

“အခုက တက္ကသိုလ်ပရဝုဏ်အတွင်းမှာ ကျင်းပနေတဲ့ အခမ်းအနားဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ကများတယ်၊ တက္ကသိုလ်ပညာရေးကို အားပေးတဲ့သူတွေကလည်းများတယ်”ဟု ပညာရေးဆိုင်ရာဆွေးနွေးချက်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ထည့်ပြောခဲ့သည့် စကားဝိုင်းကျင်းပရာ ခန်းမအတွင်း လူပေါင်းတစ်ထောင်ခန့် တက်ရောက်ခွင့် ရရှိခဲ့သော်လည်း ကျောင်းသား ပါဝင်မှုသည် ၁၅ ရာခိုင်နှုန်းပင် မပြည်ခဲ့။

နှစ်ကြိမ်တိုင် အဆူခံရ

ငြိမ်းချမ်းရေး စကားဝိုင်းအတွင်း ဒုတိယနှစ် ဥပဒေကျောင်းသူ မိယဉ်နွန်စွန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပေးပါရန်နှင့် တိုင်းရင်းသားများ လိုချင်သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အမြန်ဆုံး လုပ်ဆောင်ပေးရန် အတိုင်ပင်ခံအား တိုက်တွန်းခဲ့သည်။

ထိုသို့ပြောနေချိန်တွင် ပရိသတ်များ၏ တွန်ထိုးနေသောစကားသံများ ခန်းမအတွင်း တစ်ဖြည်းဖြည်းညံလာသဖြင့် အတိုင် ပင်ခံ ကိုယ်တိုင်ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “ဘာပြောချင်လို့လဲ”ဟု ပရိတ်သတ်ထံမေးခွန်းထုတ်ခဲ့ပြီး နောက် လူတစ်ယောက် စကားပြောဆိုနေခြင်းကို သေချာနားထောင်ရန်နှင့် စည်းကမ်းရှိကြရန် တိုက်တွန်းခဲ့ရသည်။

ယင်းသည် ပထမအကြိမ်သာဖြစ်ခဲ့ပြီး စကားဝိုင်းဆွေးနွေးမှုများဆက်လက်ပြုလုပ်နေစဉ် ပရိသတ်များထံမှအသံထပ်ညံခဲ့ ပြန်၏။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က စကားပြောချင်လျှင်အပြင်ထွက်ပြောကြရန် စင်ပေါ်မှနေ၍ ထပ်မံသတိပေး ခဲ့ရပြန်သည်။

ဝန်ကြီး အဖြေ သဘော မတွေ့ခြင်း

ပရိသတ်တစ်ဦးက မော်လမြိုင် ဆေးရုံကြီး၌ ကျန်းမာရေး ဝန်ထမ်းများက လူနာ သယ်ဆောင်ရာတွင် ကြင်နာမှု မရှိခြင်း၊ ဆရာဝန်များ ယဉ်ကျေးမှု မရှိခြင်း ဆေးရုံ ဓာတ်လှေးကား သုံးစွဲမည့် ကိစ္စ ရပ်များကို မေးခွန်း မေးမြန်းခဲ့သည်။

ထိုမေးခွန်းကို မွန်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်း ဖြေဆိုရာတွင် ဆေးရုံမှာ နှစ်ထပ်သာ ရှိကြောင်းစသဖြင့် ထည့်သွင်းပြောဆိုခဲ့သည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်က က ဓာတ်လှေကားရှိခြင်းမှာ သုံးစွဲရန်ဟု သူ့အနေဖြင့် နားလည်သဘောပေါက်ကြောင်း ဖြစ်ကြောင်း ကြားဖြတ်ပြောဆိုခဲ့သည်။

ထို့ပြင် ဆရာဝန်များ မယဉ်ကျေးမှုကို ဝန်ကြီး ဖြေဆိုရာ၌ လူနာနှင့် ဆရာဝန် မမျှ၍ ဖြစ်ကြောင်း ပါဝင်မှုကို အတိုင်ပင်ခံက ယင်းသည် ယဉ်ကျေးမှု မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ ဝန်ကြီးအနေဖြင့် ဆေးရုံကို ကွင်းဆင်း ဆောင်ရွက်ရန်နှင့် ဆရာဝန်များ ယဉ်ကျေးလာအောင် လုပ်ဆောင်ရန် မှာကြားခဲ့သည်။ ယင်းခရီးစဉ်အပြီး လပိုင်းမကြာမီ မော်လမြိုင်ဆေးရုံကြီးရှိ ဓာတ်လှေကားကို ပြည်သူတို့ ပြန်လည်အသုံးပြုနိုင်ခဲ့သည်။

ကိုယ်ပိုင်ငွေဖြင့် အထည်ဝယ်

ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံပြည်သူများ နှင့် ငြိမ်းချမ်းရေးစကားဝိုင်းအပြီးတွင် ခင်းကျင်းပြသထားသော မွန်ရိုးရာ အဝတ်အထည်များကို ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့သည်။

ဆိုင်တာဝန်ခံတစ်ဦး၏ အတည်ပြုချက်အရ မွန်ရိုးရာအထည် သုံးစုံကို ငွေကျပ် ငါးသောင်း ဖိုး ပေးချေ ဝယ်ယူသွားသည်ဟု ဆိုသည်။

ဝေဖန်မှု

စကားဝိုင်းတွင် ပါဝင်ခွင့်ရသူများကို ရွေးချယ်မှုနှင့် လွတ်လပ်စွာဆွေးနွေးခွင့်ရှိမရှိအပေါ် မေးခွန်းထုတ်သူများရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကမူ
“လူရွေးတာကပြည်နယ်အစိုးရကရွေးတယ်။ ကျွန်တော်တို့က ရွေးထားသူတွေရဲ့ အာစလျှာစကိုကြည့်ပြီး သတ်မှတ်ပေးလိုက်တယ်။ ပြောမယ့်အကြောင်းအရာကတော့ ပါဝင်မယ့်သူတွေ ဘယ်သူကဘယ်အကြောင်းအရာပြောကြမလဲ သူတို့ညှိတာပေ့ါ။ ကျွန်တော်တို့ကတော့ သူတို့ကို သတ်မှတ်ထားတဲ့ခေါင်းစဉ်တွေဖယ်လိုက် စိတ်ထဲရှိတာပြော၊ ပွင့်ပွင့်လင်းလင်းပြော၊ ခေါင်းစဉ်တွေ၊ အကြောင်းအရာတွေနဲ့ ဘောင်ခတ်မထားနဲ့ပြောပါတယ်။ ကြိုက်တာပြောပါပဲ” ဟု ဆို၏။

===

တပ်ချုပ်ခရီးစဉ် ဘာတွေလုပ်ခဲ့လဲ

မွန်ပြည်နယ်အတွင်း သဘာဝဘေး ရေကြီးရေလျှံ နစ်မြုပ်မှုများဖြစ်နေစဉ် ဇွန်လ ၁၉ရက်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိလာသည်။

မော်လမြိုင်မြို့၊ ချမ်းအေးကျောင်းတိုက်ရှိ ရေဘေးသင့် ယာယီကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံံ့ခြင်း၊ မြေပြိုကျ ပျက်စီးနေသည့် ကျိုက်သလ္လံစေတီတော်ကြီး၏ အခြေအနေများ လိုက်လံကြည့်ရှုခြင်း၊ ရေးမြို့ရှိ ရေဘေးသင့် ကယ်ဆယ်ရေးစခန်းမှ ပြည်သူများကို သွားရောက်တွေ့ဆုံကာ ထောက်ပံ့ခြင်း၊ အမှတ် (၅) တပ်မတော်ဆေးရုံကိုလည်း ဝင်ရောက်စစ်ဆေးခြင်းတို့ပြုလုပ်ခဲ့သည်။

ခေတ်မင်း၊ ထိုက်ထိုက်၊ စန္ဒာဉာဏ်
++++

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.