လွန်းညဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်ထံ အချက်ငါးချက် တောင်းဆို

ဘားအံ နိုဝင်ဘာ

ဘားအံမြို့နယ် လွန်းညကျေးရွာ ဒေသခံများက ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ထံ အခွင့်အရေး ၅ချက် တောင်းဆိုခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လွန်းညစံပြကျေးရွာတွင် ခင်းကျင်းပြီးစီးသည့် ရွာအဝင်လမ်းကို နိုဝင်ဘာ ၁ရက်နေ့က လာရောက်ကြည့်ရှုအပြီး လွန်းညဘေးမဲ့ကျောင်းတွင် ဒေသခံလူထုနှင့်တွေ့ဆုံစဉ် ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“လုပ်ပေးလ့ိုရမယ့်အရာတွေ လုပ်ပေးသွားမယ်။ လုပ်ပေးမရတဲ့အရာတွေကိုတော့ အကူအညီပေးနိုင်မယ့် သူတွေကို ရှာပေးမယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

တောင်းဆိုချက်များတွင် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း မြစိမ်းရောင်ချေးငွေ ရရှိလိုခြင်းကိစ္စ၊ လွန်းညကျေးရွာဆေးပေးခန်းနှင့် မူကြိုကျောင်းဆောက်လုပ် ရန် မြေနေရာချထားရန် ကိစ္စတို့ပါဝင်သည်။ ယင်းအပြင် ကမော့ကဘိုရွာ လျှပ်စစ်မီးရရှိရေးကိစ္စ၊ ခနိုင်ဒိုကျောင်း အနောက်ဖက်ရှိ ကောစကလိုရွာလမ်းကို ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ပေးရန်ကိစ္စတို့လည်း ပါဝင်သည်။

၎င်းအပြင် လယ်ကွင်းထဲ ရေစီးရေလာကောင်းစေရန် တရုပ် လမ်းတံတားကုမ္ပဏီ – CRBC က ဖောက်လုပ်သည့် လမ်းကို မြေတူးမြေကော်သည်နှင့်ပတ်သက်၍ တရားစွဲခံထားရသည့် ဒေသခံတောင်သူ ၁၁ဦးအမှုကို ပြန်ရုပ်သိမ်းပေးရန်လည်း တောင်းဆိုခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က မြစိမ်းရောင် ချေးငွေနှင့်ပတ်သက်၍ နောက်တစ်ကြိမ်တွင် ရရှိရေးအတွက် ညှိနှိုင်းပြောဆိုပေးသွားမည်ဖြစ်ကြောင်း၊ လွန်းညကျေးရွာ ဆေးပေးခန်းနှင့် မူကြိုကျောင်းဆောက်လုပ်ရန် မြေနေရာအတွက် ၂လအတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း၊ ကမော့ကဘိုကျေးရွာ မီးလင်းရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် Solar ပြားများ ချထားပေးရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကော့စကလိုလမ်းကို ကတ္တရာလမ်းအဖြစ် နောက်တစ်လ သို့မဟုတ် နှစ်လအတွင်း ရမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

ကုမ္ပဏီလမ်းတွင် မြေတူးမြေကော်ခြင်းကြောင့် တရားစွဲခံထားသည့် ၁၁ဦး၏အမှုတွင် တောင်းပန်ခြင်းအပေါ် မှုတည်၍ တစ်မျိုးတစ်ဖုံ စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတို့၏ ယခုတောင်းဆိုချက်များကို လာမည့် ၃လနှင့် ၄လ အတွင်း အကောင်အထည်ဖေါ်ပေးမှု မရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ပြန်ပြောပါရန် မှာကြားခဲ့ကြောင်း ထပ်မံ သိရသည်။

တရားစွဲခံရသူ ၁၀ဦးကိုယ်စား စောငြိမ်းသူက CRBCမှ လမ်းကို လယ်ထဲဆင်းရန်နှင့် လယ်အတွင်း ရေစီးရေလာကောင်းစေရန်အတွက်သာ မြေတူးမြေကော်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကြောင့် အိန္ဒု-ကော့ကရိတ်လမ်းမကြီးစီမံကိန်းကို ပျက်စီးစေကြောင်း ကို တရားစွဲခံရ တောင်သူ ၁၀ဦးမှာ အမှန်တကယ် မသိ နားမလည်ကြောင်း၊ကျောက်ထုတ်လုပ်ရေးကိစ္စများတွင်ကန့်ကွက်ခဲ့သည်ဆိုသည်မှာလည် းတိုးချဲ့လမ်းပြီးဆုံးပြီးနောက် ယင်းကျောက်စက်များနှင့်ကျောက်ထုတ်လုပ်ငန်းမှာ လွန်းညတောင်၌ အပြီးအပိုင် အထိုင်ချ၍ အုပ်စိုးသွားမည်ကို စိုးရိမ်စိတ်ကြောင့် ကန့်ကွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ လမ်းတိုးချဲ့မှုကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း နိုဝင်ဘာ ၂ရက်တွင် ပြောသည်။

စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.