အဆင့်မြင့်ဧည့်ရိပ်သာတည်ဆောက်ရေးစီမံကိန်းကိုလွှတ်တော်ကိုယ်စားလှယ်များကရပ်နားရန် အကြံပြုထားသော်လည်းအစိုးရကဇွန်လ ၁၄ရက်နေ့က တင်ဒါခေါ်ယူခဲ့ကြောင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကဟင်္သာမီဒီယာသို့ပြောကြားခဲ့သည်။

logo-copy

“ တို့ကတော့ အစိုးရအဖွဲ့လုပ်ငန်းကိုလုပ်နေတာပဲလေ၊ ကျန်တဲ့လွှတ်တော်ပိုင်းကတော့ လွှတ်တော်နဲ့ပဲဆက်သွယ်ပြီးတော့ မေးဖို့သင့်ပါတယ်၊ အစိုးရအဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်သွားမှာပဲ” ဟုဗိုလ်မှူးကြီးဝင်းနိုင်ဦးကဆိုသည်။

အဆင့်မြင့်ဧည့်ရိပ်သာဆောက်လုပ်ရန် လျှောက်ထားသည့်တင်ဒါများကိုစိစစ်ပြီးအစိုးရအဖွဲ့အစည်းအဝေးတွင်တင်ပြကာသဘောတူညီမှုများရယူသွားမည်ဖြစ်ကြောင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကထုတ်ဖော်ပြောကြားခဲ့သည်။

“ ဒီကိစ္စလုပ်မယ့်အစားတခြားလူထုအတွက် အကျိုးရှိမယ့်နေရာလုပ်သင့်တယ်ဆိုတာကိုရေးရာကော်မတီမှာပါတဲ့ကိုယ်စားလှယ်အားလုံးလက်ခံပြီးအစိုးရကိုအကြံပြုစာပို့လိုက်ပေမယ့် ဘာမှမတုံ့ပြန်ခဲ့ဘူး” ဟုလွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကပြောသည်။

အခြားလိုအပ်ချက်ရှိသည့်နေရာများရှိနေသည့်အတွက် သိန်းပေါင်း ၁၂ဝဝဝအသုံးပြုတည်ဆောက်မည့် အဆိုပါစီမံကိန်းကိုလွှတ်တော်ဒုဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များညှိနှိုင်းကာရပ်နားရန်အကြံပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ အရင်အစိုးရလုပ်ဖို့ရည်ရွယ်တဲ့ နားနေဆောင်ကတို့တိုင်းနဲ့ ပြည်နယ်အကုန်လုံးမှာတို့ပြည်နယ်တစ်ခုပဲမရှိတာ၊ လုပ်ဖို့လည်းနောက်ကျနေတာ၊ အခုကဟိုတယ်မှာသွားတွေ့တာဌာနဆိုင်ရာမှာသွားတွေ့တာနဲ့ ရွာလည်နေကြတယ်” ဟုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကဆိုသည်။

ထိုစီမံကိန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကော်မတီဥက္ကဋ္ဌဒေါက်တာအေးဇံကလွှတ်တော်တွင် အဆိုတင်သွင်းရန်ကြိုးစားခဲ့သော်လည်းအစိုးရကဆက်လုပ်မည်ဟုအတိအလင်းပြောဆိုလိုက်သည့်အတွက် အဆိုကိုရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

Leave a Reply