ပြည်ထောင်စုလွှတ်တော်ကဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကိုတစ်မြို့နယ်လျှင် သိန်းတစ်ထောင်စီချပေးထားရာမွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွက် ဒေသရန်ပုံငွေခွဲဝေမှုတွင်လွှတ်တော်ကိုယ်စားလှယ်များအကြားအငြင်းပွားလျက်ရှိကြောင်းမွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ပြောသည်။

hlu

ရန်ပုံငွေခွဲဝေရေးအတွက် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ အကောင်အထည်ဖော်ရေးအဖွဲ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလင်းတင်ဌေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးနှင့် ဒေါ်ကြည်ကြည်မြတို့အပါအဝင် ခြောက်ဦးတို့ညှိနှိုင်းရာတွင် ပြေလည်မှုမရှိကြောင်းကိုယ်စားလှယ်များကဆိုသည်။

“ဦးလင်းတင်ဌေးကသူ့မြို့နယ်NLDအကြီးအကဲတချို့နဲ့ပဲစိတ်ကြိုက်ရွေးပြီးတော့ ရန်ပုံငွေခွဲဖို့ကြိုးစားနေတယ်”ဟုဒေါက်တာအောင်နိုင်ဦးကပြောသည်။

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌဦးလင်းတင်ဌေးကချောင်းဆုံမြို့နယ်ရှိကျေးရွာပေါင်း ၇၈ရွာအနက်မှ ၂၄ရွာကိုရန်ပုံငွေများချပေးရန်ရွေးချယ်ခဲ့ပြီးဒေါက်တာအောင်နိုင်ဦး၏မဲဆန္ဒနယ်အတွင်းရှိကျေးရွာများမပါဝင်ခဲ့သည့်အပေါ်ကျေနပ်မှုမရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်သည့်ကိစ္စဖြစ်သည့်အတွက် ပါတီကြီးကပါတီငယ်များအပေါ်လွှမ်းမိုးမှုများ၊ပါတီစွဲများမရှိသင့်ကြောင်းဒေါက်တာအောင်နိုင်ဦးကဆက်လက်ပြောသည်။

“ကျွန်တော်တို့ကတော့ မဲဆန္ဒနယ်အဖြစ်ခွဲခြားတာမရှိဘဲမရသေးတဲ့ရွာတွေကိုဦးစားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေးကပြောသည်။

လက်ရှိလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေအကောင်အထည်ဖော်ရေးအဖွဲ့တွင်ပါရှိသည့် အဖွဲ့ဝင်များသဘောတူရွေးချယ်ခဲ့သည့်ကျေးရွာများကိုအသုံးပြုမည်ဖြစ်ကြောင်း၎င်းက
ပြောကြားသည်။

“NLDပါတီကိုယ်စားလှယ်ကသူ့စိတ်ကြိုက်လုပ်နေတာဆိုတော့ ပါတီကြီးကမွန်ပါတီငယ်တွေကိုသတ်လိုက်တဲ့သဘောမျိုးဖြစ်နေတယ်”ဟု ရွာလွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းလွင်ကပြောသည်။

ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်နှစ်ခုအနက် ဦးလင်းတင်ဌေး၏မဲဆန္ဒနယ် အမှတ်(၂)ဘက်မှ ကျေးရွာများကိုသာအများဆုံးပေးနေသဖြင့်မျှတမှုမရှိသည့်အတွက် ရန်ပုံငွေမရသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပြည်နယ်လွှတ်တော်သို့ လာရောက်တင်ပြခဲ့ရာလွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်တွင်းဆွေးနွေးပေးမည်ဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

Leave a Reply