Advertisements

ဒုတိယအကြိမ် မွန်ပြည်နယ် သတ္တမပုံမှန်အစည်းအဝေးတွင် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ တစ်ရပ်ခုကို အတည်ပြု ဖွဲ့စည်းခဲ့ပြီးနောက် ကော်မတီအနေဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများအပေါ် မည်သို့ရည်မှန်းချက်ထား လုပ်ဆောင်သွားမည်ဟူသော ကိစ္စရပ်များ အပါအဝင် လက်ရှိ မွန်ပြည်နယ်လွှတ်တော်အတွင်း အစိုးရအား အပြန်အလှန် ထိန်းကျောင်းမှုအပေါ်  ပြည်နယ်အစိုးရအဖွဲ့၏ တုံ့ပြန်မှု၊ တပ်မတော်သား ကိုယ်စားလှယ်တို့၏ စွမ်းဆောင်ချက်များနှင့် စပ်လျဉ်း၍ အဆိုပါကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့နှင့် တွေ့ဆုံမေးမြန်းထားမှုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

 

အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့နှင့် တွေ့ဆုံခြင်း

ဟင်္သာမီဒီယာ။ ။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီကို ဘယ်လိုကြောင့် ဖွဲ့စည်းဖြစ်တာလဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ အဓိကကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အပြည့်အဝခံစားဖို့နဲ့ ဥပဒေရဲ့ အကာအကွယ် ရရှိဖို့ နောက်ပြီးတော့ သူတို့ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ ကော်မတီ အဖွဲ့ဝင် ဘယ်နှစ်ယောက်ပါလဲ၊ နောက်ပြီးတော့ ကော်မတီရဲ့ လုပ်ငန်း တာဝန်တွေက ဘာတွေလဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ အဖွဲ့ဝင်ကတော့ ၁၃ ယောက်ဖြစ်တယ်။ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ အများကြီးပါ။ အဓိက ကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ ဘဝရှင်သန် တိုးတက်ဖို့ရယ်၊ နောက်ပြီး ခွဲခြားဆက်ဆံခံရတဲ့ တချို့သော disable (မသန်စွမ်း)လေးတွေရှိတယ်။ ဒီကိစ္စဟာ အမျိုးသမီးတွေမှာလည်း ရှိတယ်၊ ကလေးသူငယ်မှာလည်း ရှိတယ်၊ အဲဒီခွဲခြားမှု ပပျောက်ဖို့ရယ်။ နောက်ပြီး disableရဲ့ အခွင့်အရေး အပြည့်အဝ ရဖို့ဖြစ်တယ်။
နောက်တစ်ခုက အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အကြမ်းဖက်မှု ခံရတာတွေ ရှိတယ်၊ ဥပမာဆိုရင် rape (အဓမ္မကျင့်)လုပ်တာတွေ၊ နောက်တစ်ခုက ကလေးစစ်သားလိုဟာမျိုး။ နောက်ပြီး ဒီအမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ rights တွေကို ကော်မတီကနေ ရရှိအောင် ဆောင်ရွက်ပေးဖို့ အဲလိုဟာမျိုးလေးတွေကို လွှတ်တော်ကနေ ကော်မတီကို တာဝန်တွေ ပေးထားပါတယ်။

ဟင်္သာမီဒီယာ။ ။ ကော်မတီအနေနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို လုပ်သွားမယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်သွားမှာလဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ အဓိကကတော့ right ကို လုပ်ဖို့ကျတော့၊ သူတို့ right ကို သူတို့ သိမှရမှာ ဖြစ်တယ်။ ဒါဟာ အဓိကအချက်ပဲ ဖြစ်တယ်။ right ကို သိဖို့ဆိုတာကလည်း ဒီလူတွေသိလာအောင် awareness တွေပေးရမှာဖြစ်တယ်။ ဥပမာဆိုရင် အသိပညာပေး ဟောပြောမှုတွေ လုပ်ရမယ်။ awareness မရှိဘဲနဲ့ သူတို့ရဲ့ rightကို သူတို့ မသိနိုင်ဘူး။ မသိရင် မယူနိုင်ဘူးပေါ့။ ဒါကလည်း နင်တို့ အခွင့်အရေးပဲ နင်တို့ယူဆိုပြီး မလုပ်ပေးနိုင်ကြဘူး၊ ကိုယ်အခွင့်အရေး ကိုယ်သိရမယ်၊ ဥပဒေအကာအကွယ်ကို ကိုယ်သိရမယ်၊ အဲဒါကို သိဖို့ ကော်မတီက အဓိကထားပြီး ဆောင်ရွက်သွားမှာပါ။ ဒီအတွက်ကော်မတီ အစည်းအဝေးခေါ်ပြီးရင် member တွေနဲ့ တွေ့ပြီးတော့ ဘယ်လိုပုံစံ မျိုးနဲ့ သွားမလဲ။ ကျွန်မတို့ ကော်မတီရဲ့ ဦးတည်ချက်က စပြီး တစ်နှစ်တာ ကာလမှာ အစ်မတို့ calender လေးတစ်ခုတော့ ဆွဲရမယ်။ ဒီ calender မှာ ပထမ ဦးစားပေးအနေနဲ့က awareness လိုဟာမျိုးပေါ့၊ ၁၀ မြို့နယ်မှာ ဘယ်လို ပုံစံလေးတွေ ပေးသွားမယ်။ ဘယ်လိုခေါင်းစဉ်လေးတွေ ပေးသွားမလဲဆိုတာ နံပါတ်တစ်ပေါ့၊ နံပါတ်နှစ်ကတော့ တိုင်ကြားစာ တွေလာမှာ။ အဲဒီအတွက် caseတွေ အပေါ်မှာ အစ်မတို့က case manager လိုဟာမျိုးပဲထားမလား။ ဒါမှမဟုတ် case အားလုံးကိုပဲ ဖြေရှင်းကြမလား။ ဒါမျိုးလေးတွေပေါ့။ ဒါတွေကလည်း ရေးရာကော်မတီ အားလုံးလုပ်ရမှာဖြစ်တယ်။ တချို့ရေးရာ ကော်မတီမှာတော့ awareness တော့ မရှိဘူး။ ဒီကော်မတီမှာတော့ ရှိလိမ့်မယ်ထင်တယ်။ အဓိကကတော့ ဒီကော်မတီရဲ့ သွားရမယ့် ပုံစံက အသိပညာတာ အဓိက ပိုကျပါလိမ့်မယ်၊ နောက်တစ်ခုကကျတော့ ဒီကော်မတီရဲ့ လုပ်ဆောင်ချက်တွေ ထူးခြားဖြစ်စဉ်ကိုတော့ လွှတ်တော်ကို အစီရင်ခံရမှာပေါ့။

ဟင်္သာမီဒီယာ။ ။ လက်ရှိမှာရော အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ အခွင့်အရေး ဘယ်လောက် ရနေပြီးလဲ၊ အစ်မအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ မြန်မာတစ်နိုင်ငံလုံးကို ချုံ့ပြီး ကြည့်လိုက်လို့ရှိရင် ဥပမာ ရန်ကုန်လို၊ မန္တလေးလိုနေရာမျိုးမှာတောင်မှ women right , child right မပြည့်ဝကြပါဘူး။ မွန်ပြည်နယ်လို ပြည်နယ်အဆင့် နေရာမျိုးမှာတော့ သူတို့ အခွင့်အရေးကိုတောင် သူတို့မသိတဲ့ အခါကျတော့ ပိုဆိုးတာပေါ့။

ဟင်္သာမီဒီယာ။ ။ အခုနောက်ပိုင်းမှာဆိုရင် အိမ်တွင်း အကြမ်ဖက်မှုတွေ တောင်လျှောက် ကြုံနေကြတယ်၊ အဓိကက ဘာကြောင့်လဲ၊ ဒီအပေါ်မှာ အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ အိမ်တွင်း အကြမ်းဖက်မှုတွေကို အမှန်တိုင်း ပြောရလို့ ရှိရင် အစ်မတို့ရဲ့ မြန်မာလူမှု ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေရဲ့ စိတ်က နုနယ်တယ်။ နောက်တစ်ခုက သူတို့ခံစားရတာကို အပြင်ကို ပြောဖို့ခက်ခဲတယ်။ တချို့ကျပြန်တော့လည်း မိဘလူနေမှု အသိုင်းအဝိုင်း ပတ်ဝန်းကျင် လူမှုနေအခြေအနေတွေမှာ ကြီးပြင်းခဲ့ရတော့ သူတို့ကိုယ်တိုင် ဒါတွေဟာ အကြမ်းဖက်မှု မဟုတ်ဘူး။ ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောလိုဟာမျိုးတွေကြောင့်လည်းပဲ အပြင်ထွက်မလာကြဘူး။ အခုမှ နည်းနည်းလေး ပွင့်လင်းလာတော့ ဒါတွေဟာ အိမ်တွင်း အကြမ်းဖက်မှုပါလား၊ gender equality right တွေ ရှိပါလားသိတာ။ CSO တွေ NGO တွေရဲ့ ဟောပြောမှုတွေကြောင့် တချို့တစ်ဝက် သိလာကြတယ်။ ဒီမျိုးကိစ္စတွေကတော့ လူမှုပတ်ဝန်းကျင်မှာ ရှိနေဦးမှာပဲ၊
ဒီထက်ဆိုးတာက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိတယ်။ အမျိုးသမီးရော ကလေးကောပေါ့၊ အဲဒီမှာ အဆိုးဝါးဆုံးဖြစ်ရပ်တွေကတော့ child rape လိုဟာမျိုးတွေပေါ့။ နောက်ပြီးတော့ abuse လုပ်တဲ့ ကိစ္စမျိုးတွေပေါ့၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလား ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလား၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက အိမ်တွင်း အကြမ်းဖက်မှုထဲမှာ ပါသွားပေမယ့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေလည်း ပါတာပေါ့။
အဲလိုမျိုးတွေကိုလည်း အမျိုးသမီးတွေ ဥပဒေ အကာအကွယ်ယူဖို့ လိုအပ်တယ်လို့ အစ်မမြင်တယ်။ ဥပဒေက သူတို့ကို အကာအကွယ်ပေး ပြီးသား။ အဲဒီ အကာအကွယ်ကို မယူတတ်ကြတာ ဖြစ်တယ်၊ အဲဒါကြောင့်လည်း ပိုပိုပြီး များလာတာဖြစ်တယ်။ တောရွာတွေမှာဆို rape လုပ်ခံရတာတွေက တစ်ရှက်ကနေ နှစ်ရှက်၊ နောက်ပြီး အချင်းချင်း ညှိနှိုင်းလိုက်ကြ ပြေလည်အောင် လုပ်ပေးလိုက်ကြ လျော်ကြေးကတော့ ဘယ်လောက်ယူလိုက်၊ အဲလို ပုံစံမျိုးတွေက မဖြစ်သင့်တော့ဘူး၊ အစ်မတို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်ကို ချိုးဖောက်တဲ့ သူကိုတော့ ဥပဒေအတိုင်း သွားသင့်တယ်။

ဟင်္သာမီဒီယာ။ ။ အစ်မတို့ ကော်မတီအနေနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးတွေ လုပ်ဆောင်ဖို့အတွက် အဓိက စိန်ခေါ်မှုက ဘာဖြစ်မလဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ ကာယကံရှင် ကိုယ်၌ကိုယ်က ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ရင်ဆိုင်ဖို့လိုတယ်။ အကြီးမာဆုံး စိန်ခေါ်မှု ဖြစ်လိမ့်မယ်။ အဖြစ်အပျက် အခုလည်း ကြုံနေရတယ်။ ကာယကံရှင်က ဘာမှမပြောဘူး၊ ကာယကံရှင်က မတိုင်ဘူး၊ ကာယကံရှင်က ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် ဘာမှလုပ်လို့ မရတာ အများကြီးရှိတယ်၊ အဲလိုဆိုရင် ဒီရေးရာကော်မတီ ရှိတယ်ဆိုပေမယ့်လည်း ဒီလိုကိစ္စတွေက ငွေနဲ့ပြီးပြတ်သွားမယ်ဆိုရင် အစ်မတို့က ဒီcas တွေနောက်လိုက်ဖို့ဆိုတာက တော်တော်ခက်ပါလိမ့်မယ်။

ဟင်္သာမီဒီယာ။ ။ နောက်တစ်ခုက လက်ရှိ မွန်ပြည်နယ် လွှတ်တော်ရဲ့ အခင်းအကျင်းကို အစ်မအနေနဲ့ ဘယ်လို ရှုမြင်လဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ ဒါက ဒီမိုကရက်တစ် Democratic ယဉ်ကျေးမှု တစ်ခုပဲဖြစ်တယ်။ လွှတ်တော်နဲ့ အစိုးရဆိုတာက ဒီလိုမျိုးပဲ ဖြစ်နေရမှာ၊ အပြန်အလှန် မေးခွန်းမေးမယ်။ အစိုးရက ဖြေမယ်၊ ဒါဖြစ်ရမယ့် လွှတ်တော်ရဲ့ အခင်းအကျင်ပဲ။ တခြားနိုင်ငံတွေမှာ ဒီထက်တောင် ပိုပြီး လွှတ်တော်ရဲ့ အခင်းအကျင်းက ပိုမြိုင်တယ်၊ ဒါကဖြစ်ကို ဖြစ်ရမှာဖြစ်တယ်။ ဒီထက်ပိုပြီးတော့လည်း အငြင်းအခုံတွေ အချေအတင်မျိုးတွေ ရှိရဦးမှာပဲ။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့အစည်းဟာ personally တိုက်ခိုက်တာမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိစေချင်တယ်၊ လက်ညိုးထောင် ခေါင်းညိတ် တစ်ဖွဲ့ထဲဆို သေချာတာ ဒါဟာ ဒီမိုကရေစီ အခင်းအကျင်းမဟုတ်ဘူး။

ဒီမိုကရေစီ အခင်းအကျင်းဆိုတာက လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတယ်၊ ငြင်းခုံခွင့်ရှိတယ်၊ အငြင်းပွားခွင့် ရှိတယ်။ ဒီမှာ လွှတ်တော်မှာ ပွင့်လင်းမြင်သာစွာ ငြင်းခုံတဲ့ အတွက်ကြောင့် ဒါသည် Democratic ယဉ်ကျေးမှုမှာတော့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ အရမ်းအရေးကြီးတယ်၊ လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်စေ၊ အစိုးရပဲဖြစ်စေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုလေးတော့ ထားသင့်တယ်။ လွှတ်တော် ကိုယ်စားလှယ်ကလည်း အစိုးရကို မေးခွန်း မေးတော့မယ်ဆိုရင် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက် စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုတယ်၊ ကိုယ်မေးတဲ့ မေးခွန်းဟာ polish ဖြစ်လို့ လိုတယ်၊ ဒီနေရာဟာ မွန်ပြည်နယ်ရဲ့ အမြင့်ဆုံးနေရာ ဖြစ်တယ်။ မေးခွန်းမေးတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဟာ ကိုယ်အားဖြစ်သော်လည်းကောင်း၊ နှုတ်အားဖြစ်သော်လည်းကောင်း စကားလုံးအသုံးအနှုန်းအားဖြင့်သော်လည်းကောင်း၊ ယဉ်ကျေးသိမ်မွေ့ပြီး ပါးနပ်မှု ရှိရပါမယ်။ ဒီလိုပါပဲ ပြန်ဖြေတဲ့ အစိုးရအဖွဲ့လည်း အပြန်အလှန် လေးစားမှုလေးထားပြီးတော့ ထပ်ဆင့် မေးခွန်းတွေကို ဥက္ကဋ္ဌကြီး ပြောသလို ပြန်မမေးနိုင်အောင် ပြည့်စုံလုံလောက်သော အဖြေမျိုးတွေ လိုပါတယ်၊ ကျွန်မတို့သည် ကိုယ့်ကိုယ်ကျိုးအတွက် လုပ်နေကြတာ မဟုတ်ဘူး။ ပြည်သူ့အကျိုးအတွက် လုပ်နေကြတာဖြစ်လို့ မေးလိုက်တဲ့ မေးခွန်းတိုင်းသည် ပြည်သူ့အကျိုးပြုမေးခွန်းတွေ ဖြစ်ပါတယ်။ နောက်ပြီး ဒီမိုကရေစီ သက်တမ်းနုတော့ ဒီလိုအခင်းအကျင်းမျိုးကို အခုမှ ကြုံရတော့ အခက်အခဲတွေလည်း အများကြီး ရှိပါတယ်။ နောက်ပြီး ဒီဟာကို လုပ်ရင်းကိုင်ရင်း သင်ရင်းနဲ့ သွားနေတဲ့ အတွက် ဒါကိုလည်း နားလည်စေချင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ လွှတ်တော်မှာ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရကို ထိခိုက်စေနိုင်တဲ့ မေးခွန်းတွေ မမေးဖို့ ပြောထားတယ်။ ဒီအပေါ်မှာ အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ အမှန်ကကယ်တော့ အဲဒီစကားလေး တစ်ခုထဲလည်း မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် မေးလိုက်တဲ့ မေးခွန်းနဲ့ လုံ/နယ်ဝန်ကြီး ပြန်ဖြေလိုက်တဲ့ အဖြေထဲမှာ ထပ်ဆင့်တစ်ခါဖြစ်လာတဲ့ အခြေအနေမှာ၊ ဝန်ကြီးချုပ် တစ်ခါ ဖြေလိုက်တော့ ဒီကိစ္စရပ် တစ်ခုလုံးကို စလယ်ဆုံး သိမှ နားလည်လိမ့်မယ်လို့ အစ်မထင်တယ်။ လွှတ်တော်ကိုယ်စားလှယ် မေးလိုက်တဲ့ မေးခွန်း တစ်ဝက်ရဲ့  အသုံးအနှုန်းနဲ့ ပြန်ဖြေတဲ့ ဝန်ကြီးသုံးလိုက်တဲ့ အသုံးအနှုန်းထဲမှာ emotional feeling တွေ ပါကုန်ကြတယ်။ စိတ်ခံစားမှုပါရင် စကားလုံး အသုံးအနှုန်းမှားတတ်ကြတယ်။ ဒါဟာ ထုံးစံပဲ၊ အဲဒီအပေါ်မှာ ဖြစ်တယ်လို့ အစ်မမြင်တယ်။
ဝန်ကြီးချုပ်ပြောလိုက်တာက အစိုးရအဖွဲ့ကို ထိခိုက်စေနိုင်တဲ့ မေးခွန်းတွေ မမေးဖို့ လွှတ်တော်ဥက္ကဋ္ဌကြီးက စိစစ်ပေးဖို့ ပြောတာ ဖြစ်တယ်။ ဒါပေမယ့် မေးခွန်းက ကြိုပို့တာ ဖြစ်တယ်။ ဒီ case မှာ ဒီအုပ်ချုပ်ရေးမှူးကို ဖြုတ်ပေးဖို့ ပြောတယ်။ ဒီအတွက် အစိုးရအဖွဲ့က အုပ်ချုပ်ရေးမှူးကို ဖြုတ်ပေးပြီးသွားပြီ။ ဒါကိုလည်း လွှတ်တော် ကိုယ်စားလှယ်က ရှင်းရှင်းလင်းလင်းလေး နားလည်လိမ်မယ့်လို့ အစ်မထင်တယ်။ အဲဒီမှာ ကိုယ်စားလှယ်ရဲ့ ထပ်ဆင့်မေးခွန်းမှာ ခြိမ်းခြောက်ပြီး စစ်တယ်လို့ မေးလိုက်တယ်။ ဒီမှာ ထပ်ပြီးတော့ သွားစစ်တဲ့အဖွဲ့က အစိုးရက တာဝန်ပေးလိုက်တဲ့ အဖွဲ့ဖြစ်တယ်။ စစ်တဲ့အဖွဲ့က ခြိမ်းခြောက်ပြီးမေးဆိုတာကို သက်သေပြဖို့ ခက်တယ်၊ လွှတ်တော် ကိုယ်စားလှယ်ကလည်း သက်သေမပြသွားနိုင်ဘူး။ ဒီအတွက် ကိုယ်လိုချင်တဲ့ အရာက ဘာလဲ၊ ဒီအတွက် အုပ်ချုပ်ရေးမှူးကိုလည်း ဖြုတ်လည်း ဖြုတ်ပေးပြီးသွားပြီး။ အဲဒီမှာ အချေအတင်လေးတွေ ဖြစ်တဲ့ အခါမှာ နောက်ထပ်ဆင့် မေးခွန်းအပေါ်မှာ ဝန်ကြီးချုပ် ပြောတာလေးဖြစ်မယ်။

ဟင်္သာမီဒီယာ။ ။ အရင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ပြီးသွားပြီးနောက် အခု ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ အပေါ်မှာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အားရကျေနပ်မှု ရှိလား။
ဒေါ်ခိုင်ခိုင်လဲ့။ ။ တစ်ခုပါပဲ၊ ဘာလေးကွာနေလဲဆိုတော့ ဦးမင်းမင်းဦးလက်ထက်မှာ ဦးမင်းမင်းဦးက လွှတ်တော်ကိုတောင် ရှောင်ပြေးတဲ့ဟာမျိုးတွေ ရှိခဲ့တယ်၊ မေးခွန်းတွေကိုလည်း မဖြေချင်ဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေးခွန်းတွေကို ဖြေတယ်၊ တာဝန်ယူမှု တာဝန်ခံမှု အရမ်းများတယ်။ အကုန်လုံးကို တာဝန်ယူချင်တယ်။ အမှန်တကယ်တော့ သက်ဆိုင်ရာဝန်ကြီးတွေ ရှိကြတယ်။ မေးခွန်းက သက်ဆိုင်ရာဝန်ကြီးပါလို့ ပါပြီသား ဒါပေမယ့် ထပ်ဆင့်မေးခွန်းတွေမှာ ဝန်ကြီးချုပ်ကဖြေတယ်။
တစ်ဖက်က ကြည့်ရင် ကောင်းလားဆိုတော့ ကောင်းတယ်၊ တစ်ဖက်က ကြည့်ရင် ကောင်းလားဆိုတော့ မကောင်းဘူး။ ဆက်စပ်မေးခွန်းကို ဖြေရမှာက တာဝန်ခံဝန်ကြီးပဲ ဖြေရမှာ ဖြစ်တယ်။ ဝန်ကြီးတွေသည် သက်ဆိုင်ရာ အဆောင်အယောင်နဲ့ လစာ ရထားပြီးသားဖြစ်တယ်၊ ဒါဟာအတွက်လည်း တာဝန်ယူမှု တာဝန်ခံမှု အလုံးစုံလို့ အစ်မကတော့ မြင်တယ်။ ဝန်ကြီးချုပ်ရဲ့ အမြင်ကတော့ သူသည် အစိုးရတစ်ဖွဲ့လုံးရဲ့ တာဝန်ရှိသူ ခေါင်းဆောင်လို့ သူမြင်တယ်။ သူပဲ ဖြေလိုက်မယ်၊ သူပဲ ဒီဆုံးဖြတ်ချက်ကို ခေါင်းခံပေးလိုက်မယ်လို့ အစ်မကတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် အဲလို အခင်းအကျင်းမျိုးက ကောင်းလားဆိုတော့ ၁၀၀ ရာခိုင်နှုန်း ကောင်းတဲ့ နေရာမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဆိုးနဲ့ အကောင်း ဒွန်တွဲနေလို့ ဖြစ်တယ်၊ တကယ်ဖြစ်သင့်တာတော့ ဥပဒေ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေတွေ အတိုင်းပဲ ဖြစ်သင့်တယ်။
အစ်မတို့မှာ ဥပဒေ၊ နည်းဥပဒေတွေ ရှိတယ်၊ အစ်မတို့မှာ ဥပဒေတွေမှာ မပါဘူးဆိုရင် လုပ်ထုံး လုပ်နည်းတွေ ရှိတယ်၊ ဒီပုံစံတွေ အတိုင်းပဲ သွားဖို့ သင့်ပါတယ်၊ အကယ်လို့များ ဝန်ကြီးချုပ်က အဖြေတွေ မေးခွန်းတွေကို သူ့ဝန်ကြီးတွေကို ဖြေစေချင်တယ်ဆိုရင် ကက်ဘိနက်မှာပဲ ဖြစ်ဖြစ်၊ လွှတ်တော်ပြီးလို့ ညနေ အစည်းအဝေး ခေါ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ဒါကတော့ ဒီလိုဖြေစေချင်တယ်လို့ ဝန်ကြီးချုပ်က အကြံဉာဏ်ပေးလို့ ရပါတယ်၊ ဒီလိုသာ ဝန်ကြီးချုပ်ဖြေပေးနေမယ်ဆိုလို့ ရှိရင် ဝန်ကြီးတွေ အနေနဲ့လည်း ပေါ့သွားလိမ့်မယ်။ ဝန်ကြီးတွေလည်း ငါတို့ အရှေ့မှာ ငါတို့ကို ကာပေးနေတဲ့ ဝန်ကြီးချုပ်ကြီး တစ်ယောက်လုံးရှိတယ်ဆိုပြီး အရာရာကို ပေါ့ပေါ့တန်တန်နဲ့ လာဖြေသွားမှာ ကိုတော့ အစ်မတို့ လွှတ်တော် အနေနဲ့ စိုးရိမ်မိတယ်။

ဟင်္သာမီဒီယာ။ ။ နောက်ဆုံး တစ်ခုအနေနဲ့က အခုနောက်ပိုင်းမှာ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မေးခွန်းမေးလာတာ တွေ့ရတယ်။ ဒီအပေါ်မှာ အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။
ဒေါ်ခိုင်ခိုင်လဲ့။ ။ ကောင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေလည်း ကိုယ်စားလှယ်တွေပဲ။ တပ်မတော်သား ကိုယ်စားလှယ်ဆိုပေမယ့် သူတို့လည်း ပြည်သူတစ်ယောက်ပဲ။ သူတို့မှာလည်း အခက်အခဲရှိမယ်၊ ပြည်သူတွေကို ကိုယ်စားပြုပြီး မေးခွန်းမေးတဲ့ဆိုတာက အရမ်းကောင်းပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကလည်း တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်က အလတ်စားနဲ့ အသေးစား လျှပ်စစ် ဥပဒေနဲ့ ပတ်သက်ပြီး ထောက်ခံတာတွေ တင်ပြဆွေးနွေးတာတွေ လုပ်ပါတယ်။ ဘာပဲပြောပြော ပိုမြိုင်ဆိုင်လာတယ်၊ တပ်မတော်သားတွေ မေးတဲ့မေးခွန်း တချို့ဆို အရမ်းကောင်းပါတယ်။ လွှတ်တော်ဆိုတာက ပန်းပေါင်းစုံ ဖူးပွင့်နေတဲ့ ပါတီစုံဒီမိုကရေစီအတိုင်းပဲ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီလွှတ်တော် အခင်းအကျင်းသည် အစိုးရနဲ့ လွှတ်တော် ၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်းမေးတဲ့ အစိုးရအဖွဲ့ဝင်တွေလည်း ရှိပါတယ်။ ဒီမှာ ထိုင်နေတဲ့ သူတွေဟာ မွန်ပြည်နယ်ရဲ့ ပြည်သူ အားလုံးကို ကိုယ်စားပြုပါတယ်၊ ဒါကြောင့်မို့လို့ ပြည်သူတွေ အကျိုးရှိမယ့် မေးခွန်းတွေ မေးနေလို့ လွှတ်တော်ကတော့ အရမ်းကို သက်ဝင်လှုပ်ရှားလာပါတယ်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply