23- 01-2021

သတင်း – မော်လေး

တတိယအကြိမ်လွှတ်တော်အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသူရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံတွင် ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိကြောင်း ကာယကံရှင်က ပြောကြားသည်။

“ကျန်းမာရေးကတော့ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး။ အကုန်အဆင်ပြေပါတယ်”ဟု ဒေါ်ဖြူဖြူသင်းက  ဇန်နဝါရီ ၂၃ တွင် အတည်ပြုသည်။

လက်ရှိတွင် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို တတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ကြိုတင်ခေါ်ယူကာ ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော် ဥတ္တရသီရိဟိုတယ်ဇုံ၌ ပထမအကြိမ် နှာခေါင်းနှင့် အာခေါင် တို့ဖတ်နမူနာရယူပြီး စည်ပင်ဧည့်ရိပ်သာ-၂ တွင် Quarantine ၇ ရက်နေထိုင်ရမည်ဖြစ်သည်။

မြန်မာတွင် လက်ရှိအချိန်အထိ တွေ့ရသည့် ကိုဗစ်လူနာ ၁၃၇,၀၉၈ ဦးအနက် ၆၃ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ပြင်ပအမြင်တွင် လူကောင်းပကတိသဖွယ် ဖြစ်နေကာ ရောဂါပိုး သယ်ဆောင်နေသူများလည်း ဖြစ်ပြီး အခြားသူများထံ ကူးစက်စေနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် အထူးသတိပြုကာ ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။ မြန်မာ၌ ဇန်နဝါရီ ၂၃ ရက် ညပိုင်းစာရင်းအရ ပိုးတွေ့လူနာပေါင်း ၁၃၇၀၉၈ ဦး၊ သေဆုံး ၃၀၄၅ ဦး၊ ပြန်လည်ကျန်းမာလာသူ ၁၂၁၁၂၄ ဦး ရှိသည်။

Leave a Reply