မော်လမြိုင်၊ ဇွန်

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ မေးခွန်းအပေါ် ပြန်လည်ဖြေကြားသောအဖြေများကို စာဖြင့်ထုတ်ပေးခြင်း မရှိသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ယခင်လွှတ်တော် အစည်းအဝေးများတွင် စာဖြင့် ပြန်လည်ဖြေကြားသောဖြေကြားလွှာများကို  လွှတ်တော် မစတင်မီ အချိန်ကတည်းက ပေးဝေထားသော်လည်း လက်ရှိကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် စာဖြင့် ဖြေကြားလွှာများပေးပို့ခြင်း မရှိတော့ကြောင်း ပေါင်မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဇော်ဇော်ထူးက ပြောသည်။

“သက်ဆိုင်တဲ့ ဝန်ကြီးကဖြေပြီး ဝန်ကြီးက ပြန်ယူသွားတယ်။ နှုတ်တိုက်ဖြေကြားတဲ့အတွက်  အသေးစိတ် အချက်အလက်ကို မသိရတဲ့အခါမှာ ဆက်စပ်မေးခွန်းမေးဖို့ အခက်အခဲရှိတယ်” ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

လွှတ်တော်သို့စာဖြင့် ပြန်လည်ဖြေကြားခြင်း မရှိခြင်းကြောင့် တရားမျှတမှုမရှိသလိုများ သတင်းအချက်အလက်ကိုအချိန်နှင့် တပြေးညီ   သိရှိနိုင်မှုကိုလည်းထိခိုက်စေနိုင်ကြောင်းသထုံမဲဆန္ဒနယ် အမှတ်(၂) မှဦးအောင်ကျော်သူက ဆိုသည်။

“ကျွန်တော်တို့ကတော့မေးခွန်းကို ၁၀ ရက် ကြိုပေးရတယ် အဆိုတင်ရင် ၁၅ ရက်ကြိုပေးရတယ်။ အခုကျွန်တော်တို့ကို နာရီဝက်လောက် ကြိုပေးရတာကို မပေးချင်ဘူး ဆိုတော့ ဘာကြောင့်လဲအများကြီးစဉ်းစားစရာဖြစ်လာတယ်” ဟု ၎င်းကထပ်လောင်းပြောကြားသည်။

အစည်းအဝေးကျင်းပပြီးချိန်အထိ  အဖြေစာရွက်များမပေးပို့ခြင်းသည်  ကျင့်ဝတ်လိုက်နာမှုမရှိခြင်း ဖြစ်သည့်အပြင် ပွင့်လင်းမြင်သာမှုကိုလည်း ထိခိုက်စေကြောင်း ပေါင်မဲဆန္ဒနယ် အမှတ်(၁) က    ဦးထွန်းမင်းအောင်က ဆိုသည်။

“ပွင့်လင်းမြင်သာမှု ရှိရမယ့်ခေတ်မှာ ဒီလိုမျိုး ပြုလုပ်တာက မဖြစ်သင့်ဘူး။   ဒီမိုကရေစီခေတ်ကိုသွားချင်တာလေ”ဟု ၎င်းက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီသာ   ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကမီဒီယာများကို ပြောကြားသည်။

ရန်လင်းအောင်

Leave a Reply