Advertisements

မော်လမြိုင်၊ မေ ၁၀

မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးသည် လွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေခြင်းကြောင့် မေးခွန်းမေးမြန်းခြင်း မသင့်လျော်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ပြည်နယ် လွှတ်တော် ထံ စာပေးပို့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြည်နယ် အစိုးရ အဖွဲ့ကပေးပို့သည့်စာထဲတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဖြစ်နေသည့်အတွက် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းများ မသင့်လျော်ကြောင်းနှင့် ယခင်မေးမြန်းဖြေဆိုခဲ့သည့် မေးခွန်းနှင့်အဖြေများကို ပြန်လည်ပေးပို့ရန် ထည့်သွင်းရေးသားထားကြောင်း စုံစမ်းသိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးသည် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သောကြောင့် မေးခွန်းမေးမြန်းပိုင် ခွင့်ရှိသည့် အပြင် ၎င်းမေးခွန်းမေးမြန်း သည့်ပုံစံသည်လည်း လွှတ်တော်နည်းဥပဒေနှင့်အညီဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဆိုသည်။

“အောင်နိုင်ဦးက ဒု-ဥက္ကဋ္ဌက ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးလို့ရတယ်။ အန်တီပြောတာက ဒု-ဥက္ကဋ္ဌလည်း ကိုယ်စားလှယ်ပဲ၊ ရွေးကောက်ခံကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးပိုင်ခွင့်ရှိတယ်။ ဒေါက်တာအောင်နိုင်ဦးမေးတဲ့ပုံစံက လွှတ်တော်နည်းဥပဒေနဲ့ညီတယ်”ဟု ဒေါ်တင်အိက ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့လာသောစာကို မေလ ၉ ရက်နေ့ ညနေ ၆ နာရီခန့်က ဖြစ်ပြီး ပြန်လည်ရုပ်သိမ်း သွားသည်မှာ မေလ ၁၀ ရက် နံနက်ပိုင်းက ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“စာက ဝင်စာထွက်စာ ဋ္ဌာနမှာပဲ ရှိတယ်။ ဝင်စာထွက်စာတော့ ရှိတယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက အတည်ပြုပြောကြားသည်။

ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအာဏာဖြစ်ပြီး လွှတ်တော်သည် ဥပဒေပြုရေးအာဏာဖြစ်၍ သီးခြားစီဖြစ်နေသော ကြောင့် အာဏာတစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ခွင့် မရှိသည့်အပြင် အချင်းချင်းအပြန် အလှန်လေးစား ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်း အဝေး ကျင်းပနေစဉ်အတွင်း ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာအောင်နိုင်ဦးသည် ပြည်နယ်ရန်ပုံငွေဘဏ္ဍာရေးဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သိရှိလိုသောကြောင့် မေးခွန်းမေးမြန်းမှုများရှိခဲ့ပြီး ပြည်နယ်အစိုးရ၏ ဖြေကြားချက်နှင့် ပတ်သက်၍ ဥပဒေ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးသည် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သက်တမ်းတွင် မေးခွန်း (၄၀) ကျော်ကို မေးမြန်းထားပြီး အဆို (၅)ခုထက်မနည်း တင်သွင်းထားသူဖြစ်သည်။
Written by အောင်မြတ်

Advertisements
<

Leave a Reply