Daw-Tin-Eiမော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ရေးရာ ကော်မတီဖွဲ့စည်းပါက ဥက္ကဋ္ဌနေရာများတွင် တစ်ခြားပါတီ ကိုယ်စားလှယ်များလည်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြေကြားသည်။

“အန်တီတို့ မွန်ပြည်နယ်မှာ NLD အပါအဝင် အရွေးချယ်ခံ ကိုယ်စားလှယ် အားလုံးကို လွှတ်တော်ကော်မတီ နေရာအတွက် မျှဝေသွားမှာ ဖြစ်တယ်၊ ငါတို့ နိုင်လို့ ငါတို့ အကုန်ယူမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် အမျိုးသားရင်ကြာစေ့ရေးအတွက် စဉ်းစားထားပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ပြီးမှ လွှတ်တော်ရေးရာ ကော်မတီများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့က လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာကို ဘယ်သူပဲယူယူ အတူတကွ ပူးပေါင်း ဖော်ဆောင်ဖို့ပဲ လိုတယ်၊ လွှတ်တော်ကော်မတီဖွဲ့စည်းခဲ့လျှင် အားလုံးပါဝင်ဖို့ အရေးကြီးတယ်”ဟု မွန်အမျိုးသားပါတီ (MNP) မှ ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားရေးရာကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ ကိုယ်စားလှယ်များ စီစစ်ရေးကော်မတီ၊ အထွေထွေကိစ္စရပ်များ လေ့လာစီစစ်ရေးကော်မတီနှင့် အဆို၊ ဥပဒေများ လေ့လာသုံးသပ်ရေး ကော်မတီများကို ဖွဲ့စည်းခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မှ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“အစိုးရအဖွဲ့မှာ ပါသွားမယ့် လူတွေရှိနေလို့ စောင့်နေတဲ့ သဘောဖြစ်မယ်၊ အစိုးရဖွဲ့ပြီးမှ ကျန်တဲ့ ကိုယ်စားလှယ်တွေနဲ့ ကော်မတီဖွဲ့စည်းသွားဖို့ ဖြစ်မယ်”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ မွန်ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပါတီမှ ၁၆ နေရာ၊ မွန်အမျိုးသားပါတီမှ နှစ်နေရာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တစ်နေရာနှင့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်နေရာတို့ဖြင့် အနိုင်ရရှိခဲ့ကြသည်။

Leave a Reply