မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန်အတွက် လာမည့် လွှတ်တော်အသစ်တွင် တင်ပြပေးနိုင်ရန် မွန်လွှတ်တော် အမတ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု မွန်ရဟန်းပျိုကွန်ယက်မှ အရှင်မဟောသဓက မိန့်သည်။
မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်မရမချင်း ကန်ပိန်းအစီအစဉ်များနှင့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ရက်ကို တရားဝင်ရုံးပိတ်ရက်ရရန် မွန်လူမျိုးတိုင်းတွင် အလိုဆန္ဒ ရှိကြကြောင်း ဦးပဥ္စင်းက ထပ်မံမိန့်ကြားသည်။
“ကျွန်တော်တို့က လူမျိုးကို အခြေခံပြီးလုပ်ရမယ်၊ အခု ကျွန်တော်တို့ ဒီနေရာကိုရလာတာ ကျွန်တော်တို့လူမျိုး ပေးခဲ့လို့ ရလာခဲ့တာပါ၊ ကျွန်တော်တို့ အစိုးရသစ်မှာလည်း ဆက်ကြိုးစားသွားမယ်”ဟု ချောင်းဆုံမြို့နယ်မှ ဒုတိယအကြိမ် အနိုင်ရခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
၂၀၁၅ ခုနှစ်၏ လူ့အခွင့်အရေးနေ့နှင့် စတုတ္ထအကြိမ်မြောက် မွန်လူငယ်နေ့တွင်လည်း မွန်အမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်ရရှိရန် လက်ကမ်းစာစောင်နှင့် သီချင်းခွေ ၁၀၀၀ ကို ဖြန့်ဝေခဲ့ကြကြောင်း မွန်တိုင်းရင်းသားများက ပြောသည်။
“ဒီနိုင်ငံမှာ မွန်လူမျိုးက တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ်ရှိနေပြီး တိုင်းရင်းသား အခွင့်အရေးတွေကို အသိမှတ် ပြုပေးစေချင်တယ်၊ ဒီနိုင်ငံမှာ ပြဿနာဖြစ်နေတာက ခေတ်အဆက်ဆက် အစိုးရတွေက တိုင်းရင်းသား အခွင့် အရေးတွေကို အသိအမှတ်မပြုကြလို့ဘဲ”ဟု အရှင်မဟောသဓက မိန့်ဆိုသည်။
“ကျွန်တော်အမြင်အနေနဲ့ဆို ကျွန်တော်တို့ပြည်နယ်လွှတ်တော်အသံသက်သက် မဟုတ်ပဲ၊ ပြည်ထောင်စု လွှတ်တော်မှာလည်း ကြိုးစားပေးနိုင်ရင် ပိုပြီးကောင်းမယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။
၂၀၁၅ ခုနှစ်က မုဒုံမြို့တွင် ကျင်းပခဲ့သည့် မွန်ပြည်နယ်နေ့ အခမ်းအနားတွင်လည်း မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက် ထားရှိပေးရန်အတွက် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မွန်အမျိုးသားနေ့ကို အစိုးရတရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးနိုင်ခြင်းကို ပြည်ထောင်စု လွှတ်တော်က သာ ဆုံးဖြတ်နိုင်မည်ဖြစ်ခြင်းကြောင့် ၁၁ ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းမှုကို မွန်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။