Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၁၂

မွန်ပြည်နယ်လွှတ်တော်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးမြန်းခြင်းသည် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းမဟုတ်ဘဲ ပြည်သူအကျိုးအတွက် မေးမြန်းခြင်းသာ ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်ကိုယ်စားလှယ်များမေးခွန်းမေးမြန်းရာတွင် အစိုးရဂုဏ်သိက္ခာ ထိခိုက်စေကြောင်း လွှတ်တော်တွင် ဝင်ရောက်ပြောဆိုခဲ့ခြင်းအပေါ် ယင်းသို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မေးခွန်းမေးမြန်းရမှာ ကိုယ်စားလှယ်တွေအလုပ်၊ ဖြေကြားရမှာက သက်ဆိုင်ရာဝန်ကြီးပဲ ၊ဆက်စပ်မေးခွန်းကိုလည်း သက်ဆိုင်ရာဝန်ကြီးပဲ ပြန်ဖြေရမှာပေါ့၊ ဒီနေရာမှာ ကျွန်မတို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ဝင်ဖြေနေတယ်၊ လွှတ်တော်ဥပဒေ၊နည်းဥပဒေတွေ သိရဲ့သားနဲ့ ဘာကြောင့်ဝင်ဖြေပေးရတာလဲ ဆိုတာစဉ်းစားစရာပဲ ” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ က ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခွင့်ရရန်အတွက် ၁၀ရက် ကြိုတင်ပေးပို့ထားရပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေအရ လွတ်လပ်စွာမေးမြန်းခွင့် ရှိသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် မုဒုံမြို့နယ် မဲဆန္ဒနယ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသားများအကြား ဖြစ်ပွားနေသည့် ပြဿနာများကို စုံစမ်းစစ်ဆေးသည့်အခါ၌ အုပ်ချုပ်ရေးမှူးများဘက်ကို အကာအကွယ်ပေးနေပြီး ကျေးရွာသားများကို ခြိမ်းခြောက် စစ်ဆေးနေခြင်းများအပေါ်မည်သို့ဖော်ထုတ်အရေးယူဆောင်ရွက်ပေးမှု ရှိမရှိ မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးအပေါ် အထင်မြင်လွဲမှား၍ တိုင်တန်းမှုသာ စစ်ဆေးတွေ့ရှိခဲ့ပြီး တိုင်ကြားစာများ စစ်ဆေးမှုနှင့်ပတ်သက်၍ နှစ်ဖက်သက်သေများရှေ့၌ ပွင့်လင်းမြင်သာစွာ စစ်ဆေးဆောင်ရွက်လျက်ရှိကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တိုင်ကြားခံရပါကလည်း တည်ဆဲဥပဒေ နည်းဥပဒေနှင့်အညီ စစ်ဆေးအရေးယူလျက်ရှိကြောင်း ဖြေကြားခဲ့သည်။

လုံ/နယ်ဝန်ကြီး ပြန်လည်ဖြေကြားမှုနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းသူ ဒေါ်မြသိင်္ဂီမော်က သက်သေများရှိကြောင်း ပြန်လည်တင်ပြခဲ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အစိုးရဂုဏ်သိက္ခာ ထိခိုက်စေကြောင်း လွှတ်တော်တွင် ဝင်ရောက်ပြောဆိုခဲ့သည်။

“မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲမှူးနဲ့ ပညာရေးမှူးတွေဟာ စဉ်းစားဆင်ခြင်ဉာဏ်အရှိဆုံး ပုဂ္ဂိုလ်တွေဖြစ်ပြီး သူတို့တွေကိုမယုံကြည်ရင် အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်နယ်လွှတ်တော်၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ယင်းသို့ ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုခဲ့ကြသည်။

Written by – ခေတ်မင်း

Advertisements
<

Leave a Reply