Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၁၇

မွန်ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းသစ်များထံမှ ဦးစီးအရာရှိ စီမံ (၁) ရာထူးဖြင့် လာဘ်ငွေတောင်းသည့် ဦးစီးမှူးကို အရေးယူသည့်အနေဖြင့် ရာထူးတစ်ဆင့်နှိမ့်၍ ကရင်ပြည်နယ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်က အောက်တိုဘာ ၁၇ ရက်တွင်ပြောကြားသည်။

“သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ စုံခုံဖွဲ့ပြီးတော့ စစ်ရတယ်။ အဲဒီမှာ ငါတို့စစ်တယ်။ စစ်ပြီးတော့ တစ်ခါ ပြည်နယ်အုပ်ချုပ်ရေးမှူးအကြံပြုသုံးသပ်ချက်နဲ့ ဝန်ကြီးဌာနကို တင်ရတယ်။ ဝန်ကြီးဌာနကနေ ဦးစီးအရာရှိကနေ အဆင့်တွေလျှော့ချပြီးတော့ ပြောင်းရွှေ့လိုက်တယ်”ဟု ဦးစိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က အတည်ပြုခန့်အပ်ခဲ့သော မွန်ပြည်နယ်လွှတ်တော်ရုံး၊ အငယ်တန်း စာရေး ၉ ဦးထံမှ လွှတ်တော်ရုံးဦးစီးမှူးအပါအဝင် သုံးဦးက ငွေကျပ်သုံးသိန်းစီပေးရန် တောင်းခံခဲ့ကြောင်း ငွေတောင်းခံရသူ တစ်ဦးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စ ရပ်များကော်မတီက စစ်ဆေးခဲ့ရာ ယင်းသို့တောင်း မှန်ကန်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပြီး ယင်းစစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကိုဇူလိုင်လ ၁၃ ရက်က မွန်ပြည် နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

တိုင်ကြားမှုအပေါ် စစ်ဆေးရာမှ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ယင်းဦးစီးမှူးကို အရေးယူဆောင်ရွက်နိုင် ရေးအတွက် ဇူလိုင်လ ၁၇ ရက်က ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်ထံ မိမိအနေဖြင့် စာပေးပို့ခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဆိုသည်။

ထပ်မံသိရှိရသည်မှာ ယင်းအနေဖြင့် ငွေတောင်းခံသည်မှာ မှန်သော်လည်း ငွေကိုလက်ခံမယူရသေးသဖြင့် အ လုပ်ဖြုတ်ရန် မဖြစ်နိုင်ကြောင်း၊ တိုင်ကြားသူဝန်ထမ်းမှာလည်း အငယ်တန်းစာရေးနေရာ၌ ခန့်အပ်ခံရသော်လည်း တာဝန်ထမ်းဆောင်ခြင်းမပြုတော့ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးမှာ မလျော်သြဇာသုံး၍ ဝန်ထမ်းခန့်အပ်ခြင်းနှင့် လွှတ်တော်တင်ဒါခေါ်ချိန်တွင် ပါဝင်ပတ်သက်ခြင်းတို့ရှိကြောင်း ဇူလိုင်လ ၁၄ ရက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ NLD ပါတီဗဟိုနှင့် ပြည်နယ် NLD ပါတီများထံသို့ တိုင်ကြားထားကြောင်း သိရသည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply