မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဖာရစီလမ်းရှိ ဒေါ်အေးအေးမွန်နှင့် ကိုအာကာထွန်းတို့၏ နေအိမ်ကို မေ ၁၁ ရက် ညနေ ၄ နာရီက မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁ ပြားအပြင် လက်ပစ်ဗုံးသုံးလုံးကို တွေ့ရှိခဲ့ကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်က ဟင်္သာမီဒီသို့ အတည်ပြုပြောကြားသည်။

“သွားဖမ်းတာက မူးယစ်ဆေးဝါး အဲဒီအိမ်ကို နှစ်ခါရှာထားဖူးတယ်၊ အခုရှာဖွေတဲ့ အချိန်မှာတော့ လက်ပစ်ဗုံး သုံးလုံးတွေ့တယ်၊ နောက်ပြီးတော့ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ပြားတွေ့တယ်”ဟု သွားရောက် ဖမ်းဆီးခဲ့သည့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

ယင်းနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွးရူးသွပ်ဆေးပြားများကို နေအိမ်အောက်ထပ် ထမင်းစားခန်းရှိ ဘီဒိုအတွင်းမှ ရရှိခဲ့ပြီး၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးသုံးလုံးကို ယင်းနေအိမ်အပေါ်ထပ်ရှိ ကိုအာကာထွန်း၏ အိပ်ခန်း ကုတက်အောက်၊ အိမ်သုတ်ဆေးပုံးအတွင်းမှ ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

နေအိမ်အတွင်းမှ လက်ပစ်ဗုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို တွေ့ရှိခဲ့ခြင်းကြောင့် ဒေါ်အေးအေးမွန်နှင့် ကိုအာကာထွန်းတို့နှစ်ဦးကို ဒိုင်ဝန်းကွင်းနယ်မြေရဲစခန်းတွင် မယ (ပ) ၆/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၅/ ၁၆ (ဂ)/ ၂၁/ ၂၂ (စ) အရ ဖမ်းဆီးအမှုဖွင့် အရေးယူဆာင်ရွက်ထားကြောင်း ယင်းနယ်မြေရဲစခန်းမှ တာဝန်မှူးရဲအရာရှိတစ်ဦးက ပြောသည်။
Written by – ခေတ်မင်း

Leave a Reply