မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်ရှိလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများကိုလိုက်လံပြုလုပ်ပေးနေသောပွဲစားများကိုစစ်ဆေးတွေ့ရှိပါကအရေးယူသွားမည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှမွန်ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်းကပြောကြားသည်။

lawaka

အောက်တိုဘာနောက်ဆုံးအပတ်ကမွန်ပြည်နယ်၏ မြို့နယ်တိုင်းတွင် သက်ဆိုင်ရာလ.ဝ.က ရုံးဝင်းအတွင်းသို့ လုပ်ငန်းဆောင်ရွက်မည့် ကာယကံရှင် မိသားစုဝင်မှ(အပ) အပေါင်းအသင်း၊ ပွဲစားများဝင်ရောက်ခြင်းမပြုရန် ပြည်သူများအားအသိပေးခြင်းဗွီနိုင်းများ ဖြန့်ဝေထားကြောင်း ၎င်းက ပြောသည်။

“ပွဲစားနဲ့လာရင် သူကပိုက်ဆံတောင်းတော့မှာလေ၊ အဲတော့ ဘာဖြစ်လဲဆိုတော့ လ.ဝ.က ရုံးကပိုက်ဆံကုန်တယ် ဖြစ်လာတာ၊ တချို့ကျတော့ မှတ်ပုံတင်လုပ်တာဘယ်နှစ်သောင်းကုန်လဲနာမည်ကြီးထွက်လာတယ်”ဟုဦးရှိန်ဝင်းကဆိုသည်။

တိုင်းရင်းသားအများစုသည် ရိုးသားကြ၍ယူနီဖောင်းဝတ်ဆင်ထားသောဝန်ထမ်းများတွေ့လျှင် အများစုမှာကြောက်တတ်ကြသဖြင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင် ရပ်ရွာအတွင်းရှိလ.ဝ.က ရုံးနှင့် ရင်းနှီးသည်ဟုထင်ပေါ်သူများကိုလုပ်ဆောင်ခိုင်းသောကြောင့် ငွေကြေးကုန်ကျနေရကြောင်း ၎င်းက ဆိုသည်။

သက်ဆိုင်ရာ မြို့နယ်များရှိလ.ဝ.က ရုံးများတွင် ပွဲစားများကနိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်နေသည်ကိုပထမအကြိမ်တွေ့ရှိလျှင် ပညာပေးမည်ဖြစ်ပြီး ဆက်လက်ပြုလုပ်ပေးနေသည်ကိုထပ်မံတွေ့ရှိပါက လုပ်ထုံးလုပ်နည်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ လာရောက်ပြုလုပ်မည်ဆိုပါက အမှန်တကယ်လိုအပ်လျှင် မိသားစုဝင်များကိုသာခေါ်ဆောင်လာခွင့် ပြုမည်ဖြစ်ပြီးယင်းကိစ္စများလာရောက်လုပ်ဆောင်သူများကို ရုံးအဝင်ဝတွင် တာဝန်ကျဝန်ထမ်းထံစာရင်းပေးသွားပြီးမှသာဝင်ရောက်ရမည်ဖြစ်ကြောင်းသိရသည်။

Written by – ကြည်ကို

Leave a Reply